မိုးဗြဲမြို့မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား နှစ်ဦးသေဆုံး

RFA Burmese
2023.05.28
မိုးဗြဲမြို့မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား နှစ်ဦးသေဆုံး စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် ညောင်းဝိုင်းရပ်ကွက်မှ ဘုန်းတော်ကြီးကျောင်းအား ၂၀၂၃ ခုနှစ်၊ မေလ ၂၇ ရက်က တွေ့ရစဉ်။
MoBye News

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့မှာ မေလ ၂၇ ရက်မနေ့က စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်မပြည့်သေးတဲ့ ကလေးအပါအဝင် အရပ်သား နှစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူတွေဟာ မိုးဗြဲမြို့၊ စည်ကားရပ်ကွက်မှာ နေထိုင်တဲ့ အသက်သုံးနှစ်အရွယ် မိန်းကလေးနဲ့ အသက် ၄၀ အရွယ် အမျိုးသားဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိုးဗြဲမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“လေကြောင်းကနေပစ်လို့ နှစ်ဦးသေတယ်။ လက်နက်ကြီးအစတွေ ထိမှန်ပြီးသေတာ။ မနေ့က မိုးဗြဲမြို့ပေါ်က ညောင်ဝိုင်း၊ စည်ကားနဲ့ ပေါ်ဦးရပ်ကွက်တွေကို လေယာဉ်နဲ့လာပစ်သွားတာ”

ဒါ့အပြင် ညောင်ဝိုင်းရပ်ကွက် ဘုန်းကြီးကျောင်းတစ်ကျောင်း ပျက်စီးခဲ့သလို ပေါ်ဦးနဲ့ ညောင်ဝိုင်းရပ်ကွက်က လူနေအိမ်တွေလည်း ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုးဗြဲမြို့အနီးမှာ မေလ ၂၄ ရက်ကတည်းက PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ် အကြား နှစ်ဖက်စစ်ရေးတင်းမာနေခဲ့တာပါ။

မေလ ၂၇ ရက်မနေ့က မိုးဗြဲမြို့မှာ လေကြောင်းတိုက်ခိုက်မှု ရှစ်ကြိမ်ရှိခဲ့ပြီး တာဝေးပစ်လက်နက်တွေနဲ့ ပစ်ခတ်ခဲ့လို့ အရပ်သား လေးဦးဒဏ်ရာရခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေလ ၂၈ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ဒီနေ့မနက်အစောပိုင်းမှာလည်း မိုးဗြဲမြို့အနောက်ဘက်အခြမ်းက စစ်ဘေးဒုက္ခသည်တွေ နေထိုင်ရာနေရာကို လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်လုပ်ခဲ့လို့ အရပ်သား လေးဦးဒဏ်ရာရခဲ့ပြီး နေအိမ်သုံးလုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ရှမ်ပြည်နယ်တောင်ပိုင်း ဖယ်ခုံ၊ မိုးဗြဲနဲ့ ကရင်နီဒေသတွေကို လေကြောင်းတိုက်ခိုက်မှု မကြာခဏလုပ်နေတာပါ။

ဒီအခြေနေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဉာဏ်အလင်းသစ် သုတေသနအဖွဲ့ရဲ့ မေလ ၂၂ ရက် ထုတ်ပြန်တဲ့ အစီရင်ခံစာအရ စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်နဲ့လေးလအတွင်း လေကြောင်းတိုက်ခိုက်မှု ၁၄၂၇ ကြိမ်ရှိခဲ့ပြီး သေဆုံးသူ ၅၃၄ ဦးအထိရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။