ကနီနဲ့ ကန့်ဘလူမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှု ပြင်းထန်နေ
2024.09.19
စစ်ကိုင်းတိုင်း၊ ကနီနဲ့ ကန့်ဘလူမြို့နယ်တွေကို စစ်ကောင်စီက စက်တင်ဘာလ ၁၇ ရက်နဲ့ ၁၈ ရက် နှစ်ရက်အတွင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ၁၃ ကြိမ်အထိ လုပ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကနီမြို့နယ်မှာ စက်တင်ဘာလ ၁၈ ရက်နေ့က စစ်ကောင်စီတပ်သားတွေ မြို့ပေါ်ကနေ စစ်ရေယာဥ်ထွက်ချိန်မှာ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်လုပ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကနီဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"မနေ့က ၁ နာရီခွဲမှာ တစ်ကြိမ်၊ ၃ နာရီခွဲမှာ တစ်ကြိမ်၊ ဂျက်တိုက်လေယာဥ်နဲ့ နှစ်ကြိမ် ဗုံးကြဲသွားတယ်ဗျ။ အဓိက သပြေတောကျေးရွာအနီး ပတ်ဝန်းကျင်ကို ကြဲသွားတာ။ အကြောင်းမဲ့ ဗုံးလာကြဲလို့ လက်ရှိ သပြေတောရွာက ဒေသခံတွေ နေရပ်ကို ပြန်မနေရဲသေးဘူးဗျ"
ဗုံးကြဲတိုက်ခိုက်မှုအတွင်း နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ပေမဲ့ ဆိုးဆိုးရွားရွား မဖြစ်ခဲ့ဘူးလို့လည်း သူကပြောပါတယ်။
နောက်ထပ် လေကြောင်းတိုက်ခိုက်မှာ စိုးရိမ်တာကြောင့် အနီးအနားရွာဒေသခံတွေက နေရပ် မပြန်ကြသေးသလို သပြေတောရွာက လူ ၁၅၀၀ ခန့်လည်း ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
အလားတူ ကန့်ဘလူမြို့နယ်မှာလည်း စက်တင်ဘာလ ၁၇ ရက်နဲ့ ၁၈ ရက်တွေမှာ ဂျက်တိုက်လေယာဉ် ခြောက်စီးနဲ့ လေကြောင်းတိုက်ခိုက်မှု ၁၁ ကြိမ် လုပ်သွားတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) က ပြောပါတယ်။
မလယ်ရွာ စစ်ကောင်စီတပ်အထိုင်စခန်းကို ကန့်ဘလူခရိုင် ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေ နှစ်ရက်ဆက်တိုက် ဝင်ရောက်တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီက လေကြောင်း ပစ်ကူလုပ်နေတာလို့ ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ရေကြည်ဦးရွာ ဘုန်းကြီးကျောင်းနဲ့ မလယ်ရွာ ဘုန်းကြီးကျောင်း အပါအဝင် နေအိမ်တချို့ မီးလောင်ပျက်စီးပြီး ဒေသခံတွေ ထိခိုက်မှု အခြေအနေကို မသိရသေးဘူးလို့ ဆိုပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
ဩဂုတ်လကစလို့ စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ပြင်းထန်လာပြီး ကောလင်း၊ ပင်လယ်ဘူး၊ ဝက်လက်၊ ကန့်ဘလူ၊ ဒီပဲယင်း၊ ကလေး၊ တန့်ဆည်၊ ရေဦး၊ ခင်ဦး၊ ရွှေဘိုနဲ့ ကနီ စတဲ့မြို့နယ်တွေ ပစ်မှတ်ထား တိုက်ခိုက်ခံနေရပါတယ်။