ကွတ်ခိုင်မြို့ ဗုံးကြဲခံရပြီး လသားကလေး အပါအဝင် သုံးဦး သေ၊ ဆယ်ဦး ဒဏ်ရာရ
2024.11.17
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ကို နိုဝင်ဘာလ ၁၈ ရက်နေ့ မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် လသားအရွယ် ကလေးတစ်ဦး အပါအဝင် သုံးဦး သေဆုံးပြီး နောက်ထပ် ဆယ်ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကွတ်ခိုင်မြို့ အမှတ် (၄) ရပ်ကွက်က ရေထွက်ဦး ပန်းခြံဈေးနဲ့ ခရစ်ယာန်ဘုရားကျောင်းအနီးကို လာရောက်ဗုံးကြဲတာကြောင့် အရပ်သားတွေ ထိခိုက်၊ သေဆုံးတာလို့ ကွတ်ခိုင်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ညသန်းခေါင်ကျော်ပြီ၊ လာပစ်တဲ့အချိန်က။ လတ်တလော သိရသလောက်က လသားအရွယ် ကလေးငယ်နဲ့ သူ့အမေ ဆုံးသွားတယ်။ ပြီးတော့ အသက်ကြီးတဲ့ အဘွားတစ်ယောက် ဆုံးတယ်ဗျ။ ဒဏ်ရာရတဲ့သူက ဆယ်ယောက်ရှိတယ်။ အဲဒီနားအိမ်က သူတွေပဲ"
ဒဏ်ရာရသူ ဆယ်ဦးထဲမှာလည်း ကလေးနဲ့ အမျိုးသမီးတွေ ပါဝင်ပြီး ခုနစ်ဦးက ဒဏ်ရာပြင်းထန်တယ်လို့ နောက်ထပ် ကွတ်ခိုင်ဒေသခံတစ်ဦးက ပြောပါတယ်။ သေဆုံး၊ ထိခိုက်သူတွေရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ လတ်တလော မသိရသေးဘူးလို့ သူက ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ပြီးခဲ့တဲ့ ဩဂုတ်လ ၅ ရက်နေ့က ကွတ်ခိုင်မြို့ ဗုံးကြဲတိုက်ခိုက်ခံရချိန်မှာလည်း အရပ်သား ခြောက်ဦး သေဆုံးပြီး ဈေးဆိုင်ခန်း လေးရာခန့် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ကွတ်ခိုင်မြို့ အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းတို့က မြို့ပေါင်း ၁၂ မြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က သိမ်းပိုက်ထားပြီး စစ်ကောင်စီတပ်ကလည်း အဲဒီမြို့တွေကို လေကြောင်းကနေ မကြာခဏ လာရောက်တိုက်ခိုက်တာတွေ ရှိနေတာပါ။
နိုဝင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်းကလည်း TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်တာကြောင့် အမျိုးသမီး လေးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နောင်ချိုမြို့ကိုလည်း နိုဝင်ဘာလ ၁၂ ရက်နေ့နဲ့ ၁၆ ရက်နေ့တွေမှာ လေကြောင်းက ဗုံးကြဲခံရပြီး မြို့ပေါ် လန်းဆန်းလက်ဖက်ရည်ဆိုင်မှာရှိနေတဲ့ အရပ်သား ၁၁ ဦးနဲ့ လုံးစံရွာက ကလေးငယ်တစ်ဦး၊ စုစုပေါင်း ၁၂ နှစ်ဦး သေဆုံးခဲ့ပါတယ်။