လားရှိုးမှာ TNLA ကို စစ်တပ်က လေကြောင်းသုံး တိုက်ခိုက်

RFA Burmese
2023.08.11
လားရှိုးမှာ TNLA ကို စစ်တပ်က လေကြောင်းသုံး တိုက်ခိုက် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ဝင်အချို့အား ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်မှာ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ ဩဂုတ်လ ၉ ရက်နဲ့ ၁၀ ရက်အတွင်းဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က လေကြောင်းကပါ တိုက်ခိုက်ခဲ့တယ်လို့ TNLA ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က RFA ကိုပြောပါတယ်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ (၁၆) နဲ့ ခလရ (၆၈) တပ်တွေက TNLA တပ်ဖွဲ့ဝင်တွေရှိတဲ့ လားရှိုးမြို့နယ် နမ့်လောင်းရွာဘက်ကို စစ်ကြောင်း ထိုးလာတဲ့အတွက် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်ဘက်က (MI -35) အမျိုးအစား တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ပါ လာရောက် ပစ်ခတ်ခဲ့တာလို့ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ပြောပါတယ်။

"အဓိက ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေရှိတဲ့ဘက်ကို စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်တာပါ။ ၉ ရက်နေ့ နေ့လယ်ပိုင်းကနေ ညနေပိုင်းအထိဖြစ်တယ်။ မနေ့ကတော့ နေ့လယ် နှစ်နာရီလောက်ကနေ ညနေ ခြောက်နာရီလောက်ထိ ဖြစ်တယ်။ အဲမှာ သူတို့ဘက် ရဟတ်ယာဉ်နဲ့ လာပစ်တာရှိတယ်"

သြဂုတ်လ ၁၁ ရက်နေ့မှာတော့ တိုက်ပွဲအခြေအနေငြိမ်နေပေမယ့် စစ်ရေးအခြေအနေ ကတော့ တင်းမာနေတယ်လို့ သူကဆိုပါတယ်။ နှစ်ရက်ကြာတိုက်ပွဲအတွင်းက နှစ်ဘက်တပ်တွေရဲ့ ထိခိုက်သေဆုံးမှုအခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားတဲ့ အတွက် ဆက်သွယ်လို့မရပါဘူး။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်နဲ့ မူဆယ်မြို့နယ်အတွင်းမှာလည်း စစ်ကောင်စီတပ် ဘက်က အင်အားဖြည့် ပြီး TNLA တပ်ဖွဲ့ဝင်တွေရှိတဲ့နေရာတွေကို စစ်ကြောင်းထိုးနေလို့ စစ်ရေးဆက်လက် တင်းမာနေတယ်လို့ TNLA ကပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နဲ့ ကွတ်ခိုင်မြို့နယ်ထဲမှာ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့ကနေ ဩဂုတ်လ ၈ ရက်နေ့ထိ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်း နေအိမ်တွေပေါ် လက်နက်ကြီးကျတာ၊ စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်တာစတဲ့ ရာဇဝတ်မှုတွေ ကြောင့်လည်း အရပ်သား ငါးဦးသေဆုံးခဲ့ပြီး၊ ကိုးဦး ဒဏ်ရာရခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်ရဲ့ သြဂုတ်လ ၈ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။