လားရှိုးမြို့ ဗုံးကြဲခံရမှု နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦး သေဆုံး၊ ၁၂ ဦး ဒဏ်ရာရ

RFA Burmese
2024.09.09
လားရှိုးမြို့ ဗုံးကြဲခံရမှု နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦး သေဆုံး၊ ၁၂ ဦး ဒဏ်ရာရ စစ်ကောင်စီတပ် လေကြောင်းဖြင့် ဗုံးကြဲခဲ့သည့် လားရှိုးမြို့ အမှတ် (၁) ရပ်ကွက်ရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး (တိုင်းပေါက်ဝ) ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

[Update: 1: 50 PM, Sep 9, 2024]


ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့ ရပ်ကွက် (၁) မှာရှိတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနဲ့ ဗျူဟာလမ်းတို့ကို စက်တင်ဘာ ၉ ရက် ဒီနေ့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ ကြောင့် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦး သေဆုံးပြီး နောက်ထပ် ဒေသခံ ၁၂ ဦး ဒဏ်ရာရခဲ့တယ်လို့ လားရှိုးမြို့ခံတွေက RFA ကို ပြောပါတယ်။

ပေါက်ကွဲအား ပြင်းထန်တဲ့ ဗုံးနှစ်လုံးကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှာ တစ်လုံး၊ ဗျူဟာလမ်းမပေါ်ကို တစ်လုံး ကြဲချခဲ့တာကြောင့် အရပ်သားတွေ ထိခိုက်ခဲ့တာဖြစ်ပြီး လားရှိုးထောင်က လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦး သေဆုံးတယ်လို့ မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“သေသွားတဲ့ သူက အသက် ၄၀ ကျော်နေပြီ။ ဦးထီးလို့ ခေါ်ပါတယ်။ နိုင်ကျဉ်းဟောင်းပေါ့။ လားရှိုးထောင်က လွတ်လာတဲ့ သူပါ။ သူကဗုံးစထိတဲ့ ဒဏ်ကြောင့် ဆေးကုဖို့ သွားတဲ့နေရာမှာပဲ ဆုံးသွားပါတယ်”

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာရုံးမှာ ကိုးကန့်တပ်မတော် (MNDAA) က အင်တာနက် အခမဲ့အသုံးပြုနိုင်အောင် စီစဉ်ပေးထားတာကြောင့် ဒေသခံအများစုက ဆက်သွယ်ရေးအတွက် အဲဒီနေရာကို ရောက်ရှိနေကြတာလို့ ဆိုပါတယ်။

MNDAA ကလည်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူ ၁၂ ဦး ဒဏ်ရာရသွားပြီး သေဆုံးထိခိုက်မှု နောက်ဆက်တွဲ အခြေအနေတွေကို ဆက်လက်အသိပေးမယ်လို့ ဒီနေ့ နေ့လယ်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလ ၈ ရက် နေ့ကလည်း လားရှိုးမြို့ အမှတ် ၁၂ ရပ်ကွက် အားကစားကွင်းနဲ့ Silver Sky ဟိုတယ်တွေကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာ ၃ ရက်နေ့ တောင်ကြီးမြို့ ခရီးစဉ်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ သိမ်းယူထားတဲ့ နယ်မြေတွေ ပြန်လည်ရရှိဖို့ လိုအပ်တာတွေ တုံ့ပြန်ဆောင်ရွက်သွားမယ်လို့ ပြောပြီးနောက်မှာ အခုလိုလေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်လာတာပါ။

ဒီအခြေအနေနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ် စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFAက တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ မဖြေဆိုပါဘူး။

စက်တင်ဘာ ၅ ရက်နဲ့ ၆ ရက် နှစ်ရက်အတွင်းမှာလည်း ရှမ်းပြည်နယ် နမ့်ခမ်း၊ ဖယ်ခုံမြို့နယ်တွေနဲ့ မကွေးတိုင်း မြိုင်မြို့နယ်တို့မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ အပါအဝင် အရပ်သား သုံးဆယ်နီးပါး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

(မှတ်ချက်-သေဆုံးထိခိုက်မှု နောက်ဆက်တွဲအခြေအနေများနှင့် မြို့ခံများ၏ ပြောဆိုချက်များကို ထပ်မံဖြည့်စွက် ရေးသားထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။