လားရှိုးမြို့က တရုတ်ဘုံကျောင်း အပါအဝင် နေရာတချို့ကို စစ်ကောင်စီဗုံးကြဲ
2024.10.04
ကိုးကန့်တပ်မတော် (MNDAA) သိမ်းပိုက်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့က နေရာတချို့ကို အောက်တိုဘာလ ၄ ရက်နေ့ မနက်ပိုင်းမှာ လေကြောင်းကနေ လေးကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတစ်ဦး ဒဏ်ရာရပြီး နေအိမ်ဆယ်လုံးကျော် ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လားရှိုးမြို့ အမှတ်(၅) ရပ်ကွက်မှာရှိတဲ့ တရုတ်ဘုံကျောင်းနဲ့ အမှတ် (၈) ရပ်ကွက်ကို နှစ်ကြိမ်စီ ဗုံးကြဲသွားတာလို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ လားရှိုးဒေသခံတစ်ဦးက ပြောပါတယ်။
"တရုတ်ဘုံကျောင်းနားတစ်ဝိုက် ကြဲသွားတယ်< နှစ်ကြိမ်ကြဲတယ်။ ပြီးတော့ ကုက္ကိုလ်ရိပ် လက်ဖက်ရည်ဆိုင်နောက် လမ်းကြားဘက်ကိုလည်း ကြဲသွားတယ်။ တစ်ယောက် ဒဏ်ရာရတယ်။ အိမ်တွေ ပျက်စီးတာများတယ်"
ထိခိုက်ဒဏ်ရာရသူကို တာဝန်ရှိသူတွေက ဆေးကုသမှုပေးနေပြီး ပျက်စီးသွားတဲ့နေအိမ်တွေကိုတော့ ရှင်းလင်းရေးတွေ လုပ်နေတယ်လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း စစ်ကောင်စီဘက်က လားရှိုးမြို့ကို လေကြောင်းကနေ ဆယ်ကြိမ်ကျော် ဗုံးကြဲခဲ့တာကြောင့် နိုင်ငံရေးအကျဉ်းသားတစ်ဦး အပါအဝင် ဒေသခံသုံးဦး သေဆုံးခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာမရှိသလို စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းလက်ခံ မဖြေဆိုပါဘူး။
၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းမှာ MNDAA တပ်ဖွဲ့က လားရှိုးမြို့ကို အပြီးသတ် သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီက လားရှိုးမြို့ကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
၂၀၂၄ ခုနှစ် ဇူလိုင်လကနေ စက်တင်ဘာလအထိ သုံးလအတွင်း ကိုးကန့်တပ်မတော် (MNDAA) ထိန်းချုပ်ရာ လားရှိုးမြို့အပါအဝင် အထူးဒေသ (၁) ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် အရပ်သား ၃၁ ဦးထက်မနည်း သေဆုံးပြီး ကိုးဆယ်ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ အောက်တိုဘာလ ၂ ရက်နေ့မှာ MNDAA က သတင်းထုတ်ပြန်ထားပါတယ်။