မတူပီ မြို့သိမ်းတိုက်ပွဲအတွင်း ဘာသာရေးအဆောက်အအုံတွေ ဗုံးကြဲခံရ
2024.07.03
ချင်းပြည်နယ်၊ မတူပီမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘာသာရေးအဆာက်အအုံသုံးခုနဲ့ နေအိမ်တချို့ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ CDF - မတူပီ တပ်မဟာ (၁) က ဇူလိုင်က ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
တိုက်ပွဲတွေအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် မတူပီမြို့ရဲ့ အထင်ကရ ဘာသာရေးအဆောက်အအုံတွေဖြစ်တဲ့ ယူနီယံ ဓမ္မကောလိပ်၊ မတူပီနှစ်ခြင်း အသင်းတော်နဲ့ ထပ်ဒွန်း နှစ်ခြင်းဘုရားကျောင်းတို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ ဒီ့အပြင် လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းက ဗုံးကြဲမှုတွေကြောင့် လူနေတချို့လည်း ပျက်စီးခဲ့တယ်လို့ CDF - မတူပီ က ပြောပါတယ်။
မတူပီမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်တပ်ဖွဲ့တွေနဲ့အတူ ရက္ခိုင့်တပ်တော် (AA)၊ ယောတပ်မတော် (Yaw Army) နဲ့ ယောကာကွယ်ရေးတပ် (YDF)တို့ ပူးပေါင်းပါဝင်ပြီး ဇွန်လ ၉ ရက်နေ့က စတင်တိုက်ခိုက်ခဲ့တာပါ။
အဲဒီနောက် စစ်ကောင်စီရဲ့ ခမရ (၃၀၄) တပ်ရင်းကို ဇွန်လ ၁၇ ရက်နေ့မှာ သိမ်းယူနိုင်ခဲ့သလို ချင်းပြည်နယ်တောင်ပိုင်းမှာ အကြီးဆုံးဖြစ်တဲ့ မတူပီအခြေစိုက် အခြေချစစ်ဗျူဟာနဲ့ ခလရ (၁၄၀) တပ်ရင်းတွေကိုတော့ ဇွန်လ ၂၉ ရက်နေ့မှာ သိမ်းယူနိုင်ခဲ့ပါတယ်။
တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ကလည်း လေကြောင်းနဲ့ လက်နက်ကြီးသုံးပြီး အပြင်းအထန်ခုခံခဲ့တာကြောင့် နေအိမ်တွေနဲ့ ဘာသာရေးအဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့တာလို့ ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
စစ်ကောင်စီကတော့ အရပ်သားပစ်မှတ်တွေကို ဘယ်တော့မှ တိုက်ခိုက်တာမရှိဘူးလို့ အကြိမ်ကြိမ် ငြင်းဆိုထားပါတယ်။
စစ်အာဏာသိမ်းပြီး သုံးနှစ်ကျော်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ချင်းပြည်နယ်အတွင်း ဘာသာရေးအဆောက်အအုံတစ်ရာကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ထုတ်ပြန်ထားပါတယ်။