မောင်တောမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးနှစ်ဦးနဲ့ ရဟန်းတစ်ပါး ဒဏ်ရာရ

RFA Burmese
2024.06.09
မောင်တောမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးနှစ်ဦးနဲ့ ရဟန်းတစ်ပါး ဒဏ်ရာရ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကိုင်းကြီးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့သဖြင့် ပျက်စီးသွားသည့် အဆောက်အအုံတစ်ခုကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့က တွေ့ရစဉ်။
Facebook/ Arakan Bay News-ABN

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကိုင်းကြီးရွာကို ဇွန်လ ၉ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက်မပြည့်သေးတဲ့ ကလေးငယ်နှစ်ဦးနဲ့ ရဟန်းတစ်ပါး ဒဏ်ရာရခဲ့တယ်လို့ အဲဒီအခြေအနေကိုသိတဲ့ ဒေသခံတွေက RFA ကိုပြောပါတယ်။

ဒဏ်ရာရသူတွေဟာ ကိုင်းကြီးရွာမှာ သီတင်းသုံးနေတဲ့ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တအဂ္ဂဝန၊ အသက် ၉ နှစ်အရွယ် ရီသူမနဲ့ အသက် ၁၂ နှစ်အရွယ် ကိုကိုမောင်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒဏ်ရာရထားသူတွေကို ဆေးကုသမှုပေးနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မောင်တောဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"ဒီမနက် ၅ နာရီမှာ ဗုံးနှစ်လုံးချတာ။ တစ်လုံးက ဆရာတော်ကျောင်းခြံစည်းရိုးမှာ တည့်တည့်ကျတယ်။ နောက်တစ်လုံးက ခပ်လှမ်းလှမ်းမှာ ကျတယ်။ ထိခိုက်ဒဏ်ရာရတာက မပြင်းထန်ပါဘူး။ ဒါပေမဲ့ ကလေးတွေဆိုတော့ ကြောက်နေကြရှာတယ်"

ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် အိမ်မွေးတိရိစ္ဆာန်တချို့နဲ့ နေအိမ်လေးလုံးလည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ကိုင်းကြီးရွာဟာ မြိုတိုင်းရင်းသားတွေ အများဆုံးနေထိုင်ကြပြီး အိမ်ထောင်စု ၁၅၀ ကျော်နဲ့ လူဦးရေလေးရာကျော် ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံမဖြေဆိုပါဘူး။

RFA က ပြုစုထားတဲ့စာရင်းတွေအရ လေကြောင်းနဲ့လက်နက်ကြီးကြောင့် အခုနှစ် ဇန်နဝါရီလကနေ မေလအထိ ငါးလအတွင်း အရပ်သား ၆၆၂ ဦး သေဆုံးပြီး (၁,၄၉၂) ဦး ဒဏ်ရာရခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။