မင်းတုန်းမှာ လေကြောင်းတိုက်ခိုက်ခံရပြီး ဒေသခံတချို့ ဖမ်းဆီးခံရ

RFA Burmese
2024.09.10
မင်းတုန်းမှာ လေကြောင်းတိုက်ခိုက်ခံရပြီး ဒေသခံတချို့ ဖမ်းဆီးခံရ မကွေးတိုင်း၊ မင်းတုန်းမြို့အစွန်ရှိ မင်းတုန်းချောင်းနှင့် စိုက်ပျိုးရေးလုပ်ငန်းခွင်တစ်ခုကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလက တွေ့ရစဉ်။
Photo: RFA

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်က ရွာသစ်ရွာကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၉ ရက်နေ့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သလို မြေပြင်စစ်ကြောင်းကလည်း ရွာတွေကို ဝင်ရောက်စီးနင်းပြီး ရွာသားတချို့ကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဖြူကန်၊ လယ်ကြီးဒေါင့်နဲ့ ခုန်တိုင်ကျင်းရွာတွေက လူလေးဆယ်ခန့်ကို ဖမ်းဆီးခဲ့တာဖြစ်ပြီး စက်တင်ဘာလ ၁၀ ရက်နေ့ မနက် စစ်ကြောင်းပြန်ထွက်ချိန် ဖမ်းဆီးထားသူ အားလုံးနီးပါးကို ပြန်လွှတ်ပေးခဲ့ပေမဲ့ ဒေသခံငါးဦးကိုတော့ လမ်းပြအဖြစ် ထပ်မံ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုမှာတော့ ရွာသစ်ရွာက စာသင်ကျောင်းဆောင်တစ်ခုနဲ့ နေအိမ်သုံးလုံး ပျက်စီးပြီး လူထိခိုက်မှုမရှိဘူးလို့ ဒေသခံ အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။

"နေ့လယ် ၁၂ နာရီလောက်မှာ ဖြစ်တာ။ စစချင်း အသံမကြားဘူး၊ ဗုံးကြဲတဲ့အချိန်မှာ အသံအကျယ်ကြီး ကြားရတယ်။ စာသင်ကျောင်း ထိသွားတယ်။ နေအိမ် နှစ်လုံး၊ သုံးလုံးလောက်လည်း ထိသွားတယ်။ နေအိမ်ပေါ် တည့်တည့် မကျလို့ပေါ့။ ကျရင် လူတွေပါ ထိကုန်မှာ"

စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာနဲ့ စစ်ကြောင်းထိုးနေတဲ့ ရွာတွေဟာ ရခိုင်ရိုးမအနီးက ရွာတွေ ဖြစ်ပါတယ်။

ရခိုင်ရိုးမကို အခြေပြုပြီး ကာကွယ်ရေးတပ်ဖွဲ့တွေ မကွေးတိုင်းထဲ စိမ့်ဝင်ပျံ့နှံ့လာမှာ စိုးရိမ်တာကြောင့် စစ်ကောင်စီတပ်က တိုက်ခိုက်မှုတွေလုပ်လာတာလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

စက်တင်ဘာလ ၈ ရက်နေ့ကလည်း မင်းတုန်းမြို့နယ်၊ သမင်ကတုပ်ရွာက သီးနှံလာရောင်းချသူ ဒေသခံ ၁၁ ဦးလည်း စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်က ဖမ်းဆီးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။