နောင်ချိုမြို့ နှစ်ရက်ဆက်တိုက် ဗုံးကြဲခံရ

RFA Burmese
2024.09.15
နောင်ချိုမြို့ နှစ်ရက်ဆက်တိုက် ဗုံးကြဲခံရ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကို စစ်ကောင်စီတပ် လေကြောင်းမှတိုက်ခိုက်ခဲ့သဖြင့် ပျက်စီးသွားသည့် အ‌ဆောက်အအုံတချို့ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့က တွေ့ရစဉ်။
Telegram/ PSLF/TNLA News

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ပေါ်ကို စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA က စက်တင်ဘာလ ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စက်တင်ဘာလ ၁၄ ရက်နေ့ နေ့လယ်ပိုင်းမှာ နောင်ချိုမြို့ သပြေရပ်ကွက်ကို စစ်ကောင်စီတပ်က လေကြောင်းသုံးပြီး ပေါင်ငါးရာ ဗုံးနှစ်လုံးကြဲချခဲ့သလို ရော့ကတ်ဒုံးတွေနဲ့လည်း ရှစ်ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် နေအိမ်အဆောက်အအုံတချို့ ထိခိုက်ပျက်စီးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ TNLA က ပြောပါတယ်။

စက်တင်ဘာလ ၁၃ ရက်နေ့ကလည်း နောင်ချိုမြို့ပေါ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးအလုံးရေ ၁၃ လုံးအထိ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် နောင်ချိုရဲစခန်းဝန်းနဲ့ လူနေရပ်ကွက်တွေပေါ် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတစ်ဝန်း ရေဘေးကြုံနေရချိန် TNLA ထိန်းချုပ်နယ်မြေတွေအပါအဝင် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ကိုးကန့်ထိန်းချုပ်နယ်မြေတွေကို လူအများအပြားသေစေနိုင်တဲ့ ပေါင်ငါးရာဗုံးတွေနဲ့ နေ့စဉ်လာရောက် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ TNLA က ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။

စစ်ကောင်စီက လေကြောင်းသုံး တိုက်ခိုက်တာတွေ ဆက်တိုက်ရှိလာတာကြောင့် တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေအနေနဲ့ လေကြောင်းရန် သတိထားကြဖို့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က စက်တင်ဘာလ ၁၀ ရက်နေ့မှာ သတိပေးချက်ထုတ်ပြန်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။