နောင်ချိုမြို့ လန်းဆန်းလက်ဖက်ရည်ဆိုင် ဗုံးကြဲခံရပြီး ၁၁ ဦး သေဆုံး
2024.11.12
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ မူဆယ်-မန္တလေး ပြည်ထောင်စုလမ်းမကြီးပေါ်က ခရီးသွားတွေ တစ်ထောက်နားလေ့ရှိတဲ့ လန်းဆန်းလက်ဖက်ရည်ဆိုင်ကို နိုဝင်ဘာလ ၁၂ ရက်နေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၁၁ ဦး သေဆုံးပြီး ဆယ်ဦးခန့် ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆိုင်တွင်းမှာ နားနေတဲ့ ကားဆရာ၊ ခရီးသည်တွေနဲ့ အရပ်သားတွေ ထိခိုက်ခဲ့တာဖြစ်ပြီး ၁၁ ဦး သေဆုံးတယ်လို့ ဒီဖြစ်ရပ်ကို သိရှိသူ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"အရပ်သားတွေ ထိသွားတယ်ဗျ။ ဆိုင်ထဲမှာရှိနေသူတွေ ထိကုန်တာ။ သေတာ ၁၁ ဦး ရှိတယ်။ ဒဏ်ရာရတာလည်း ဆယ်ဦးဝန်းကျင် ရှိတယ်။ အသေးစိတ်တော့ မသိရသေးဘူး"
TNLA ပြောခွင့်ရသူ လွေးယေဦးကလည်း နောင်ချိုမြို့က လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း အရပ်သား ၁၁ ဦး သေဆုံးပြီး လေးဦးဒဏ်ရာရတယ်လို့ကနဦး သိရှိထားရကြောင်း RFA ကို ပြောပါတယ်။
တိုက်ပွဲတွေကြောင့် နောင်ချိုမြို့မှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတဲ့အတွက် သေဆုံးထိခိုက်သူတွေရဲ့ အချက်အလက်တွေကို RFA က သီးခြား အတည်မပြုနိုင်သေးပါဘူး။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိပါဘူး။
နိုဝင်ဘာလ ၁၁ ရက်နေ့ ညပိုင်းကလည်း TNLA သိမ်းပိုက်ထားတဲ့ မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ကိုးဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရခဲ့တယ်လို့ TNLA က ပြောပါတယ်။
၂၀၂၄ ခုနှစ်၊ ဇန်ဝါရီလကနေ အောက်တိုဘာလကုန်အထိ ဆယ်လအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ၅၄၀ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က နိုဝင်ဘာလ ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။