ပခုက္ကူမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်သုံးဦး သေဆုံး

RFA Burmese
2024.11.07
ပခုက္ကူမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်သုံးဦး သေဆုံး မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂ဝ၂၄ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့က တွေ့ရစဉ်။
Facebook/ Pakokku People's Revolution Committee

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဖလံအိုရွာကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၆ ရက်နေ့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်သုံးဦး သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်တဲ့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူတွေက အသက် ၁၇၊ ၁၈ နဲ့ ၂၆ နှစ်အရွယ် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် လူငယ်အမျိုးသား သုံးဦး ဖြစ်ပါတယ်။

အဲဒီတပ်ဖွဲ့ဝင်တွေက ဖလံအိုရွာအနီးက ရှင်မကန်ရွာမှာ ရောက်နေတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကို တိုက်ခိုက်ဖို့ စောင့်နေချိန်မှာ လေကြောင်းကနေ အရင် တိုက်ခိုက်ခံလိုက်ရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"လေယာဉ်လာတာမြင်တော့ ရှောင်ကြတဲ့အချိန်မှာ အကုန်လုံး လွတ်တယ်ပေါ့နော်။ အဲဒီမှာ လူငယ်သုံးယောက်က သူတို့သေနတ်တွေကျန်လို့ ကျောင်းထဲကို ပြေးပြီး ယူတဲ့အခါကျမှ ပေါင်းငါးရာ ဗုံးကြဲချတယ်။ အဲဒီဗုံးကျတဲ့အချိန် အုတ်တံတိုင်းမှာကွယ်တာ အုတ်တံတိုင်းပါ တစ်စစီလွင့်ပြီး သေဆုံးခဲ့တယ်ဗျာ"

လေကြောင်းတိုက်ခိုက်မှုကြောင့် အဲဒီရွာက ဘုန်းတော်ကြီးကျောင်း ပျက်စီးပြီး ဒေသခံအရပ်သားတွေကတော့ ထိခိုက်မှုမရှိဘူးလို့ သူကပြောပါတယ်။

ဖလံအိုရွာကို စစ်ကောင်စီတပ်က သုံးကြိမ်ထက်မနည်း ဝင်ရောက်မီးရှို့ခဲ့တာကြောင့် ရွာသားအများစုက ဘေးလွတ်ရာမှာ တိမ်းရှောင်နေကြတာလို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့ကစလို့ ပခုက္ကူမြို့နယ် အရှေ့ခြမ်းက ကျေးရွာ ၁၅ ရွာခန့်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာကြောင့်လည်း ဒေသခံ ခုနစ်ထောင်ခန့် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ပြီးခဲ့တဲ့ အောက်တိုဘာလတစ်လအတွင်း မကွေးတိုင်းမှာ စစ်ကောင်စီတပ်ရဲ့ မြေပြင်ရော၊ ဝေဟင်ကပါ စစ်ကြောင်းထိုး ပစ်ခတ်တွေမှုကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအပါအဝင် ၂၆ ဦး သေဆုံးပြီး ၄၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။