ပွင့်ဖြူမှာ စစ်ကြောင်းထိုး၊ ဗုံးကြဲတာကြောင့် ဒေသခံနှစ်ထောင်နီးပါး ထွက်ပြေးနေရ
2024.11.13
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ကျွဲခြံနဲ့ လယ်မရွာဘက်ကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၉ ရက်နေ့စပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသလို နိုဝင်ဘာလ ၁၂ နေ့မှာလည်း လေကြောင်းနဲ့ပါ တိုက်ခိုက်လာတာကြောင့် လူနှစ်ထောင်နီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပွင့်ဖြူဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ် Mi-35 နဲ့ သုံးမိုင်ပေါက်လမ်းခွဲကို သုံးလုံး၊ ကျွဲခြံနဲ့ လယ်မရွာဘက်ကို ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ မင်းဘူးခရိုင် အမှတ် (၇) တပ်ရင်းက ထုတ်ပြန်ပါတယ်။
လေကြောင်းကနေ တိုက်ခိုက်တာအပြင် နိုဝင်ဘာလ ၉ ရက်နေ့ကတည်းက စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ကြရတာလို့ ကျွဲခြံရွာခံတစ်ဦးက RFA ကို ပြောပါတယ်။
"ယာထဲမှာ အလုပ်လုပ်နေတဲ့အချိန် ရဟတ်ယာဉ်နဲ့ အပေါ်ကနေ လာပစ်သွားတာ၊ ငါးလုံးလောက်ရှိတယ်ဗျ။ တစ်သက်လုံး တစ်ခါမှ အဲဒီလိုရဟတ်ယဉ်နဲ့ ဗုံးတွေ ကြဲချသွားတာ မမြင်ဖူးသေးဘူး၊ တော်တော် ကြောက်စရာကောင်းတယ်။ ထိလိုက်လို့ကတော့ အသေပဲ။ ဒါကြောင့်လည်း အဲဒီနားက ရွာသားတွေ ထွက်ပြေးကြတာပေါ့ဗျာ။ တချို့က တောထဲပြေးတယ်၊ တချို့က နီးစပ်တဲ့ဘုန်းကြီးကျောင်းတွေကို ပြေးကြတယ်"
ပွင့်ဖြူမြိုနယ်မှာ လေကြောင်းတိုက်ခိုက်ခံရတာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သူက ပြောပါတယ်။
ကျွဲခြံနဲ့ လယ်မရွာတွေဘက်ကိုတော့ စစ်ကောင်စီတပ်က မဲဇလီရွာမှာ အထိုင်ချတပ်စွဲပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာလို့ ဆိုပါတယ်။
စစ်ကြောင်းထိုးတာနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေလည်း ရှိနေတာကြောင့် အနီးတစ်၀ိုက်ရွာတွေမှာ ကျင်းပမဲ့ ကထိန်ပွဲတွေလည်း ရပ်နားထားလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပွင့်ဖြူမြို့နယ်မှာ စစ်ရေးတင်းမာနေတာကြောင့် ပုသိမ်-မုံရွာလမ်းပိုင်းမှာရှိတဲ့ သုံးမိုင်ပေါက်လမ်းခွဲ၊ ငါးမိုင်ပေါက်လမ်းခွဲ၊ ဝန်လိုရွာ၊ ခိုနန်းရွာ လမ်းတွေကို အသုံးမပြုကြဖို့ မင်းဘူးခရိုင် အမှတ် (၇) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
၂၀၂၄ ခုနှစ်၊ ဇန်ဝါရီလကနေ အောက်တိုဘာလကုန်အထိ ဆယ်လအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ၅၄၀ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က နိုဝင်ဘာလ ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။