ရေဦးမြို့နယ်၊ ထန်းတောရွာ အထက်တန်းကျောင်း လေကြောင်းနဲ့တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် ထန်းတောရွာ အထက်တန်းကျောင်းကို မေလ ၉ ရက်နေ့မှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကျောင်းဝန်း အတွင်းက အဆောက်အအုံတချို့ ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နေ့လယ် ၂ နာရီကျော်လောက်မှာ ဂျက်တိုက်လေယာဉ်နဲ့ သုံးကြိမ်လာရောက်ပြီး ဗုံးခြောက်လုံး ကြဲချခဲ့သလို စက်သေနတ်နဲ့ပါ အတွဲလိုက်ပစ်ခတ်ခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ဘာမှ တိုက်ပွဲဖြစ်တာလည်းမရှိဘူး။ ဒီအတိုင်း တိုက်လေယာဉ်နဲ့ သုံးခေါက်ဝဲပြီးပစ်တာ။ ကျောင်းမှာစာသင်နေကြတဲ့ ကလေးတချို့လည်းရှိတယ်။ ဒီနေ့က အရမ်းပူလို့ဆိုပြီး ကျောင်းစောစော ဆင်းပေးလိုက်တာ ကံကောင်းသွားတာ"
ကျောင်းဝန်းထဲ ဗုံးလေးလုံးကျခဲ့တာကြောင့် ကျောင်းစာကြည့်တိုက်တစ်ဆောင်နဲ့ ကျောင်းမုခ်ဦးပျက်စီးခဲ့သလို နောက်ထပ်နှစ်လုံးကတော့ ထန်းတောရွာထိပ်ကိုကျခဲ့ပြီး လူတွေထိခိုက်မှုတော့မရှိဘူးလို့ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA ကဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေပစ်ခတ်ခဲ့လို့ စာသင်နေတဲ့ကလေးခြောက်ဦးအပါဝင် ၁၃ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာနဲ့ ကချင်ပြည်နယ်၊ အနန့်ပါ လေကြောင်း တိုက်ခိုက်ခံရမှုမှာလည်း အမျိုးသမီးနဲ့ ကလေးသူငယ်တွေအပါအဝင် အရပ်သားတွေ ရာနဲ့ချီပြီး သေဆုံးခဲ့ရပါတယ်။