လေကြောင်းနဲ့ လက်နက်ကြီးကြောင့် KNU တပ်မဟာ (၃) နယ်မြေမှာ တစ်ဦးသေဆုံးပြီး ၁၃ ဦးဒဏ်ရာရ

RFA Burmese
2024.03.02
လေကြောင်းနဲ့ လက်နက်ကြီးကြောင့် KNU တပ်မဟာ (၃) နယ်မြေမှာ တစ်ဦးသေဆုံးပြီး ၁၃ ဦးဒဏ်ရာရ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂ ရက်နေ့က ထုတ်ပြန်ထားစဥ်။
KNU

တပ်မဟာ (၃) နယ်မြေအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ဒရုန်းဗုံးကြောင့် ခြောက်ရက်အတွင်း အရပ်သားတစ်ဦး သေဆုံးပြီး ၁၃ ဦးဒဏ်ရာရခဲ့သလို နေအိမ်ခုနစ်လုံးခန့် ထိခိုက်ပျက်စီးခဲ့တယ်လို့ (KNU) က မတ်လ ၂ ရက်ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီလ ၂၄ ရက်ကနေ ၂၉ ရက်အထိ တပ်မဟာ (၃) နယ်မြေအတွင်းက အရပ်သားတွေ နေထိုင်ရာနေရာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှု (၃၆) ကြိမ်လုပ်ခဲ့တာလို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့က လေကြာင်းကနေ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရလို့ ဇရပ်ခင်ရွာက အသက် ၄၅ နှစ်အရွယ် ဦးသန်းဇော်ဦး သေဆုံးပြီး အရပ်သား ၁၃ ဦးဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီဘက်က အရပ်သားတွေရှိတဲ့နေရာကို လက်နက်ကြီးနဲ့ရော လေကြောင်းတိုက်ခိုက်မှုပါ အဆက်မပြတ်လုပ်လာတာကြောင့် နေရာရွှေ့ပြောင်းနေထိုင်နေရတယ်လို့ အမည်မဖော်လိုတဲ့ နတ်သံကွင်းရွာခံတစ်ဦးက RFA ကို ပြောပါတယ်။

“တကယ်တော့ ကျွန်တော်တို့အရပ်သားတွေ ကျေးရွာတွေမှာ နေနေသေးတယ်ဆိုတာ သိသိလျက်နဲ့ပစ်တာပေါ့။ နေအိမ်တွေမှာ မနေရင်တောင် နေ့လယ်ဘက် တိရစ္ဆာန်တွေကို အစာပြန်ကျွေးတာရှိတယ်။ အဲဒါလည်း ပစ်တာပဲ။ အရပ်သားနဲ့ လက်နက်ကိုင်ဆိုတာ ခွဲခြားလို့ရပါတယ်။ ရလျက်နဲ့ကိုပစ်တာမလို့ ကျွန်တော်တို့က ပြောင်းခဲ့လိုက်ပြီ၊ မလုံခြုံတဲ့နေအိမ်တွေကို စွန့်ခွာလိုက်ရပြီပေါ့”

ဒီအပေါ် စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမျိုး မရှိသေးသလို စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

RFA ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလကုန်အထိ နိုင်ငံတစ်ဝန်းမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား ၁,၄၂၉ ဦးသေဆုံးပြီး ၂,၆၄၁ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။