ရှမ်းပြည်တောင်ပိုင်းမှာ တစ်လအတွင်း သုံးဦးသေ၊ ၁၈ ဦး ဒဏ်ရာရ
2023.05.31

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်အတွင်းမှာ ဧပြီလ ၂၅ ရက်ကနေ မေလ ၂၈ ရက်အထိ တစ်လအတွင်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားသုံးဦး သေဆုံးခဲ့ပြီး ၁၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် က မေလ ၃၀ ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီက မိုးဗြဲ မြို့နယ်ညောင်ဝိုင်း ရပ်ကွက်၊ဈေးကုန်း ရပ်ကွက်တွေကို မေလ ၂၇ ရက်မှာ လေကြောင်း တိုက်ခိုက်ခဲ့တာကြောင့် အသက် ၄၀ အရွယ်အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။
အဲဒီနေ့ညမှာပဲ စစ်ကောင်စီရဲ့ မိုးဗြဲအခြေစိုက် ခမရ(၄၂၂) တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် စည်ကာရပ်ကွက်အတွင်းက အသက် သုံးနှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးခဲ့ပါတယ်။
အလားတူ ဖယ်ခုံမြို့နယ် ဆောင်းဖွေးဆေးပေးခန်းကို ဧပြီ ၂၅ ရက်မှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဆေးပေးခန်းမှာ လာရောက် ဆေးကုသမှုခံယူနေတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။ ဒီအပြင် သူနာပြုတစ်ဦး အပါအဝင် သုံးဦးဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။
ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ရဲ့ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ ကယား ပြည်နယ် စစ်ကောင်စီပြောခွင့်ရသူဦးအောင်ဝင်းဦးကို RFA ကဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာမရှိပါဘူး။
ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ ကယားပြည်နယ်အတွင်း အခြေစိုက်လှုပ်ရှားနေတဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေး တပ်(KNDF) ကတော့ ပြီးခဲ့တဲ့နှစ်နှစ်အတွင်း စစ်ကောင်စီနဲ့ တိုက်ပွဲပေါင်းတစ်ထောင်ကျော် ဖြစ်ပွားခဲ့တယ်လို့ KNDF ဖွဲ့စည်းမှု နှစ်နှစ်ပြည့်တဲ့ မေလ ၃၁ ရက်မှာ ထုတ်ပြန်ပါတယ်။