ALP ပါတီ ဒုဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကို AA လုပ်ကြံခဲ့ကြောင်း ALP စွပ်စွဲ
2023.07.02
အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖက် အဖွဲ့အစည်းအဖြစ် ရပ်တည်လှုပ်ရှားနေတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဒုတိယဥက္ကဋ္ဌ နဲ့ အဖွဲ့ဝင်နှစ်ဦး စစ်တွေမြို့ပေါ်မှာ ဇူလိုင်လ ၁ ရက်က သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ် ခံခဲ့ရပါတယ်။
ALP ဒုတိယဥက္ကဋ္ဌ ခိုင်နီရောင်၊ တပ်ရင်းမှူး ခိုင်ကျော်မင်းနဲ့ တပ်သား ကျော်ကျော်နိုင်တို့ သုံးဦး စစ်တွေတက္ကသိုလ်ရှေ့မှာ မနေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်က လုပ်ကြံသတ်ဖြတ်ခံရ တာပါ။
ဒီသတ်ဖြတ်မှုကို ရက္ခိုင့်တပ်တော် (ULA/AA) က ပြုလုပ်ခဲ့တာလို့ ALP က ဇူလိုင်လ ၂ ရက် ဒီကနေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ မိုခါမုန်တိုင်း ကယ်ဆယ်ရေးကိစ္စတွေအတွက် ALP ဥက္ကဋ္ဌ စောမြရာဇာလင်း ရုံးမှာ အစည်းအဝေးလုပ်ပြီးအပြန်မှာ လုပ်ကြံခံရတာလို့ ဆိုပါတယ်။
ရခိုင်အဖွဲ့အစည်း အချင်းချင်းကြား မလုပ်သင့်တဲ့အပြုအမူဖြစ်တဲ့အတွက် ရှုတ်ချတယ်လို့ ALP က ထုတ်ပြန်ခဲ့ပါတယ်။
ဒါနဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်တော် (AA ) က သတင်းထုတ်ပြန်တာမရှိသလို RFA အနေနဲ့ လည်း AA အဖွဲ့ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ကလည်း စစ်တွေမြို့မှာ စစ်ကောင်စီရဲ့ လွတ်လပ်ရေး နေ့အခမ်းအနားကို တက်ရောက်ခဲ့တဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ခိုင်စိုးမြ အပါအဝင် သုံးဦး လုပ်ကြံ သတ်ဖြတ်ခံခဲ့ရပါတယ်။
အဲဒီတုန်းကလည်း ALP က ရက္ခိုင့်တပ်တော် (AA) ကို စွပ်စွဲခဲ့ပြီး AA ဘက်ကတော့ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်လို့ တုံ့ပြန်ခဲ့ပါတယ်။