အမေဇုန် ဘီလျံနာရဲ့ ဇိမ်ခံရွက်လှေမှာ မြန်မာ့ကျွန်းသစ် အသုံးပြုလို့ အရေးယူခံရ
2024.12.04
အမေဇုန် ဘီလျံနာသူဌေးကြီး Bezos ပိုင်ဆိုင်ပြီး Koru လို့ အမည်ပေးထားတဲ့ ဇိမ်ခံရွက်လှေ တည်ဆောက်ရာမှာ ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ မြန်မာ့ကျွန်းသစ်တွေကို အသုံးပြုခဲ့တဲ့အတွက် နယ်သာလန် အစိုးရက ရွက်လှေ တည်ဆောက်တဲ့ Oceanco ကုမ္ပဏီကို ဒဏ်ကြေးငွေ ယူရို တစ်သိန်းခွဲ ချမှတ်လိုက်တယ်လို့ သဘာဝပတ်ဝန်းကျင် စုံစမ်းစစ်ဆေးရေး အေဂျင်စီ (EIA) က ဒီဇင်ဘာလ ၃ ရက်နေ့မှာ ဖော်ပြပါတယ်။
Bezos ဟာ ၂၀၁၉ ခုနှစ်မှာ နယ်သာလန်နိုင်ငံမှာ ရွက်လှေတည်ဆောက်ဖို့ Oceanco ကုမ္ပဏီကို တာဝန်ပေးခဲ့တာပါ။ အဲဒီရွက်လှေဟာ ဒေါ်လာ သန်းငါးရာခန့် အကုန်အကျခံ တည်ဆောက်ထားပြီး ကမ္ဘာ့တန်ဖိုး အများဆုံး ရွက်လှေတွေထဲက တစ်စင်းဖြစ်တယ်လို့ ဆိုပါတယ်။
EIA ရဲ့ သစ်တောလှုပ်ရှားမှု ခေါင်းဆောင် Faith Doherty ကတော့ ဒီအရေးယူမှုဟာ ဥရောပဈေးကွက်မှာ မြန်မာ့ကျွန်းသစ်တွေကို တရားမဝင် သုံးစွဲနေတဲ့သူတွေအတွက် သတိပေးချက်ဖြစ်တယ်လို့ ပြောပါတယ်။
“နောက်ဆုံးမှာတော့ ဥပဒေက အကောင်အထည်ပေါ်ပါပြီ။ နောက်ဆက်တွဲအနေနဲ့ မြန်မာရဲ့ သွေးစွန်း ကျွန်းသစ်တွေကို အကျိုးဆက်မရှိဘဲ ဆက်ပြီး ဝယ်ယူနိုင်တယ်လို့ ယူဆနေသူတွေကို သတိပေးချက်ပဲ ဖြစ်ပါတယ်”
ဒတ်ခ်ျ ရွက်လှေတည်ဆောက်ရေးကုမ္ပဏီ Oceanco ကတော့ တားမြစ်မှုကို လိုက်နာဖို့ ပျက်ကွက်ကြောင်း ဝန်ခံခဲ့ပြီး ယူရို တစ်သိန်းခွဲနဲ့ အမှုကို ဖြေရှင်းဖို့ သဘောတူခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း အလားတူ ပြစ်မှုအတွက် ဗြိတိန်နိုင်ငံရဲ့ အကြီးဆုံးဇိမ်ခံရွက်လှေ တည်ဆောက်တဲ့ ကုမ္ပဏီ Sunseeker International ကို ဗြိတိန်တရားရုံးက ပေါင် သုံးသိန်းခွဲကျော် ဒဏ်ကြေးငွေချမှတ်ခဲ့တယ်လို့ EIA က ဖော်ပြပါတယ် ။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ မြန်မာ့သစ်လုပ်ငန်း (MTE) ကို ဥရောပသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့ထားပြီး MTE ရဲ့ သစ်တွေကို နိုင်ငံတကာဈေးကွက်ကို တင်ပို့ရောင်းချတာပါအဝင် ကျွန်းသစ်ကနေ နည်းမျိုးစုံနဲ့ ဝင်ငွေရနေတာက စစ်အစိုးရကို ထောက်ပံ့နေတာလို့ ပြောဆိုထားပါတယ်။