မြန်မာမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေရပ်တန့်ဖို့ ကုလသမဂ္ဂဆိုင်ရာ ဗီယက်နမ်သံအမတ် တိုက်တွန်း

RFA Burmese
2023.03.18
မြန်မာမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေရပ်တန့်ဖို့ ကုလသမဂ္ဂဆိုင်ရာ ဗီယက်နမ်သံအမတ် တိုက်တွန်း ကုလသမဂ္ဂဆိုင်ရာ ဗီယက်နမ် သံအမတ် ဒေါင်ဟွမ်ဂိုင်အား ၂၀၂၂ ခုနှစ်အတွင်းက တွေ့ရစဉ်။
Giang Dang - Twitter

မြန်မာနိုင်ငံမှာ အားလုံး အကြမ်းဖက်တိုက်ခိုက်မှုတွေရပ်တန့်ပြီး ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့နဲ့ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးကြဖို့ ကုလသမဂ္ဂဆိုင်ရာ ဗီယက်နမ် သံအမတ်က တိုက်တွန်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြုလုပ်တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံမှာ သက်ဆိုင်သူအားလုံး အကြမ်းဖက်တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့၊ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်မှုတွေကို အမြင့်ဆုံး လုပ်ဆောင်ကြဖို့နဲ့ မြန်မာပြည်သူတွေ ရဲ့ ဆန္ဒနဲ့ ကိုက်ညီတဲ့ ငြိမ်းချမ်းရေးရဖို့ အားလုံးပါဝင်ပြီး၊ အဓိပ္ပါယ်ရှိတဲ့ တွေ့ဆုံဆွေးနွေးမှု တွေ လုပ်ဖို့ ဗီယက်နမ်နိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ် ဒေါင်ဟွမ်ဂိုင်က တိုက်တွန်း ပြောကြားခဲ့တာပါ။

ဗီယက်နမ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံက အခြေအနေတွေ၊ အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးငယ်တွေအတွက် ထိခိုက်ခံစားနေရတဲ့ လူသားချင်းစာနာမှု အကျပ်အတည်း ဖြစ်လာနေတဲ့အခြေအနေအတွက် စိုးရိမ်ပူပန်ကြောင်း သံအမတ်က ပြောကြားခဲ့တယ်လို့ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မြန်မာနိုင်ငံက သက်ဆိုင်သူအားလုံးအနေနဲ့ လူသားချင်းစာနာမှုအကူအညီ လိုအပ်နေသူတွေ အားလုံးအတွက် လိုအပ်တဲ့ အကူအညီတွေရဖို့ နိုင်ငံတကာ ဥပဒေတွေနဲ့ အညီ လမ်းဖွင့်ပေးထားဖို့လည်း ဗီယက်နမ် သံအမတ်က တိုက်တွန်းလိုက်ပါတယ်။

ဗီယက်နမ် နိုင်ငံဟာ မြန်မာနိုင်ငံ ပြဿနာကို ဖြေရှင်းနိုင်ဖို့ အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမယ့် အင်ဒိုနီးရှားနိုင်ငံရဲ့ ဆောင်ရွက်ချက်နဲ့ အာဆီယံနဲ့ ကုလသမဂ္ဂ ပူးပေါင်း ဆောင်ရွက်မှုတွေကို ကြိုဆိုတဲ့အကြောင်းနဲ့ နိုင်ငံတကာအနေနဲ့လည်း အာဆီယံရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ထောက်ခံဖို့ သံအမတ်က ပြောပါတယ်။

နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံမှာ တွေ့ဆုံဆွေးနွေးရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးတွေ ဖြစ်ပေါ်လာအောင် မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ လွတ်လပ်ရေးနဲ့ နယ်မြေပိုင်စိုးမှုတွေကို မထိခိုက်တဲ့နည်းလမ်းနဲ့ အကူအညီပေးကြဖို့လည်း တိုက်တွန်း ကြောင်း ဗီယက်နမ် သံအမတ်က ပြောသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။