လှေစီးဒုက္ခသည်များအရေး သံအမတ်ကြီးများ မေးမြန်း


2015.05.18
rohingya-refugees-620.jpg အင်ဒိုနီရှားနိုင်ငံ Lhoksukon မှာ မေလ ၁၁ ရက်နေ့က ရိုဟင်ဂျာဒုက္ခသည်တွေကို တွေ့ရစဉ်
Photo: RFA

ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဝန်ကြီးတချို့နဲ့ နိုင်ငံတကာ သံတမန်များ   နှစ်လတစ်ကြိမ် ပုံမှန်တွေ့ဆုံနေကြ စည်းဝေးပွဲကို ဒီနေ့ကျင်းပရာမှာ သံအမတ်ကြီးတွေ က လောလောဆယ်ဖြစ်ပေါ်နေတဲ့ လှေစီးဒုက္ခ သည်တွေအရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင်သူတွေအရေး ကို မေးမြန်းခဲ့ကြပါတယ်။

လှေစီးဒုက္ခသည်တွေအရေးကိစ္စကို နိုင်ငံအားလုံးက ဝိုင်းဝန်းဖြေရှင်းဖို့ ထိုင်း၊ မလေးရှားနဲ့ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးတွေက ပြောဆိုဆွေးနွေးကြတယ်လို့   မြန်မာငြိမ်းချမ်းရေးစင်တာက ဒေါက်တာဆလိုင်း ငွန်ကျုံးလန် က ပြောပါတယ်။

"လောလောဆယ်ဖြစ်နေတဲ့ လှေစီးဒုက္ခသည်လို့ ပြော မလား၊ ဒီဟာတွေက တချို့သတင်းဌာနတွေ က မြန်မာနိုင်ငံကပဲ ထွက်ပြေးသလိုလိုမျိုး ပြောနေကြ တယ်လေ၊ အဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ သံရုံးတွေဘက်ကနေ သူတို့ရဲ့အတွေ့အကြုံတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ရှင်းပြတယ်၊ နောက်ပြီးတော့ ကျနော်တို့ အစိုးရဘက်ကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အစိုးရရဲ့ သဘောထားတွေ အဲ့ဒါတွေပြန်ရှင်းပြတယ်၊ ကျနော်ကြားတာတစ်ခုက မလေးရှားသံအမတ်ကြီးရော၊ ဒီထိုင်းသံအမတ်ကြီးရော၊ နောက်ပြီးတော့ ဘင်္ဂလားဒေ့ရှ်က သံအမတ်ကြီးရော ပြောတာက ဒီကိစ္စနဲ့ ပတ်သက် ပြီးတော့ အားလုံးပူးပေါင်းဆောင်ရွက်ကြရင် မကောင်းဘူးလားဆိုတဲ့ဟာကတော့ သူတို့ပြောတာကြားရတယ်"

ဒါ့အပြင် အမျိုးသားလွှတ်တော်မှာ ဆွေးနွေးနေတဲ့ မျိုးစောင့်ဥပဒေကြမ်းနဲ့ ယာယီသက်သေခံလက်မှတ် အပ်နှံပြီးနောက်ပိုင်းလုပ်ငန်းစဉ်တွေကိုလည်း မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဦးစိုးသိန်း၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်၊ ပြည်ထောင် စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်၊ မြန်မာနိုင်ငံအခြေစိုက်သံရုံးတွေက သံအမတ်ကြီး ၄၁ ဦး နဲ့ ကုလသမဂ္ဂအရာရှိတွေ စုစုပေါင်း ၈၀ ကျော် တက်ရောက်ခဲ့ပါတယ်။

အဲဒီ့စည်းဝေးပွဲအပြီးမှာ ဝန်ကြီး ဦးရဲထွဋ်က ဒီလှေစီးဒုက္ခသည်တွေအရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ စိုးရိမ်ပူပင်မှုကိုနားလည်ကြောင်း မြန်မာနိုင်ငံအပေါ် အပြစ်ပုံချနေကြမယ့်အစား ဒေသတွင်းနိုင်ငံတွေ ဝိုင်းဝန်းအဖြေရှာကြဖို့ လိုအပ်ကြောင်း ပြောကြားသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။