မြန်မာနိုင်ငံသား ၃၀ နီးပါးကို အမေရိကန်အစိုးရ ပြန်ပို့မည်
2017.11.08
အမေရိကန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေထဲမှာ ပြစ်မှုကျူးလွန်ပြီး ပြစ်ဒဏ်ကျခံခဲ့ရသူ ၃၀ နီးပါးကို ပြန်လည် လက်ခံဖို့ မြန်မာနိုင်ငံအစိုးရကို အမေရိကန်အစိုးရက တိုက်တွန်းထားပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် တက်လာပြီးနောက်ပိုင်း အမေရိကန်အစိုးရဘက်က ပြစ်မှုကျူးလွန်ပြီး ပြစ်ဒဏ် ကျခံပြီးသူတွေကို မိခင်နိုင်ငံတွေကို ပြန်ပို့ရေးလုပ်ငန်းစဉ်တွေ အလေးပေးလုပ်ဆောင်လာတာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျ ကပြောပါတယ်။
"အမေရိကန်အစိုးရတက်တဲ့အခါမှာ ဒီကိစ္စကို အလေးပေးဆောင်ရွက်နေတယ်။ estimate figure တော့ ကျနော် မပေးချင်ဘူး။ ဒါပေမဲ့ ကျနော်တို့ အကြမ်းဖျဉ်း သူတို့နဲ့ ပေါင်းလုပ်တဲ့အခါကျတော့ ၃၀ ရာခိုင်နှုန်းလောက် စိစစ်ပြီးတဲ့ အနေအထားမျိုးရှိပါတယ်။ ဒါတွေက အခုမှမဟုတ်ဘူး။ အမြဲရှိခဲ့တယ်။ ဒါပေမဲ့ အစိုးရသစ်တက်တဲ့ အခါ ဒါလေးကို နည်းနည်းလေးအသားပေးလုပ်လာတဲ့ အနေအထားမျိုးပါပဲ။ နည်းနည်းလေး တိုက်တိုက် တွန်းတွန်းလုပ်လာတဲ့ အနေအထားမျိုးလို့ ကျနော်သတိထားမိပါတယ်"
ပြန်လည်ခေါ်ယူဖို့ အမေရိကန်အစိုးရဘက်က ပေးပို့သူအမည်စာရင်းကို မြန်မာအစိုးရက နိုင်ငံသားဟုတ် မဟုတ် စိစစ်နေပြီး မြန်မာနိုင်ငံသားမှန်ကန်တယ်ဆိုရင် ပြန်ခေါ်မှာဖြစ်ကြောင်း ပြောကြားထားသလို တချို့စိစစ်ပြီး မြန်မာနိုင်ငံသား မှန်ကန်သူတွေကို Certificate of Identity (CI) ထုတ်ပေးထားတယ်လို့ ပြောပါတယ်။
ပေးပို့တဲ့စာရင်းမှာပါဝင်သူတချို့ရဲ့ အရင်နေထိုင်ခဲ့တဲ့ နေရပ်လိပ်စာတွေကို သွားရောက်စစ်ဆေးရာမှာ အချက် အလက်မှားယွင်းမှုတွေ ရှိနေတာတွေရှိပြီး အချက်အလက်မှန်မှန်ကန်ကန်ပေးပို့ဖို့လည်း မြန်မာအစိုးရက တောင်းဆို ထားတယ်လို့ ပြောပါတယ်။
အမေရိကန်အစိုးရဘက်က ပြန်ပို့မယ့်သူစာရင်းကို လက်ခံမှုမရှိရင် အမေရိကန်က ပြဌာန်းထားတဲ့ ပူးပေါင်းဆောင် ရွက်မှုမရှိတဲ့နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံကို ထည့်သွင်းမယ်လို့ အမေရိကန်ဘက်က အလွတ်သဘော ပြောဆိုထား တာတွေရှိတယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျ ကပြောပါတယ်။
ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့ နိုင်ငံစာရင်းဝင်ရောက်သွားတဲ့အခါ မြန်မာနိုင်ငံသားတွေအနေနဲ့ အမေရိကန်ကို သွားရောက်ဖို့ ဗီဇာလျှောက်ထားရာမှာ အခက်အခဲဖြစ်လာနိုင်ချေ ရှိနေပါတယ်။