ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေးအကျဉ်းသားလွှတ်ပေးရေး တောင်းဆို
2010.09.24

သူပြောသွားတာက အခုဆိုရင် ရွှေဝါရောင် တော်လှန်ရေး ဖြစ်ခဲ့တာ ၃ နှစ် ရှိခဲ့ပါပြီ၊ ဒါပေမဲ့ ရွှေဝါရောင် တော်လှန်ရေး ပြီးကတည်းက မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားအရေအတွက် ၂ ဆ တိုးသွားခဲ့ပါတယ်။ အရင်က နိုင်ငံရေးအကျဉ်းသား ၁၁၀၀ ဝန်းကျင်ပဲ ရှိခဲ့ပြီး၊ အခုတော့ ၂၂၀၀ လောက် ဖြစ်နေပါတယ်။ အခုချိန်မှာ စစ်အစိုးရရဲ့ အမည်ခံ ဒီမိုကရေစီ လမ်းပြမြေပုံအရ ရွေးကောက်ပွဲ ကျင်းပဖို့လည်း ပြင်ဆင်နေတဲ့အတွက် နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ချွင်းချက်မရှိ ချက်ချင်းပြန် လွှတ်ပေးဖို့ တောင်းဆိုတာပါလို့ သူက ပြောသွားပါတယ်။
ရွှေဝါရောင်တော်လှန်ရေးမတိုင်ခင်နဲ့ အဲဒီနောက်ပိုင်း ဖမ်းထားတဲ့ထဲက သံဃာ့ခေါင်းဆောင် အရှင်ဂမ္ဘီရ၊ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ ဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်၊ မမီးမီး၊ ကိုမြအေး၊ ကိုဇော်ထက်ကိုကိုနဲ့ အလုပ်သမားရေး ဆောင်ရွက်သူ မစုစုနွေး တို့ဟာ လက်ရှိ ထောင်ထဲမှာ ကျန်းမာရေး မကောင်းကြဘူးလို့ AI အဖွဲ့က ပြောပါတယ်။ ဒါ့အပြင် အခု ၃ နှစ်အတွင်း နိုင်ငံရေးအကျဉ်းသား ၂၃၈ ယောက်ကို မိသားစုတွေနဲ့ ဝေးတဲ့ အကျဉ်းထောင်အသီးသီးကို ပို့ထားသလို၊ ဆေးကုခွင့်၊ မိသားစုတွေ၊ ရှေ့နေတွေနဲ့ တွေ့ခွင့်ကိုလည်း ကန့်သတ် ပိတ်ပင်ထားတယ်လို့ ထောက်ပြပါတယ်။
ဒါ့ကြောင့် မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေအားလုံး အမြန်ဆုံး ပြန်လည်လွတ်မြောက်ဖို့ ကမ္ဘာ့ ခေါင်းဆောင်တွေအနေနဲ့ မြန်မာစစ်အစိုးရကို တောင်းဆိုကြဖို့နဲ့ ရွေးကောက်ပွဲ မတိုင်ခင်နဲ့ ရွေးကောက်ပွဲအပြီး နောက်ပိုင်းမှာ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်ကောင်းမွန်အောင် ဝိုင်းဝန်းဆောင်ရွက်ကြဖို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက စက်တင်ဘာ ၂၃ ရက် မနေ့က တိုက်တွန်း လိုက်ပါတယ်။