တစ်လအတွင်း ရန်ကုန်မှာ လူခြောက်ရာနီးပါး အဖမ်းခံရ
2025.01.03
ရန်ကုန်တိုင်းမှာ စစ်မှုထမ်းဥပဒေကြောင့် ဒီဇင်ဘာလအတွင်း စစ်ကောင်စီက လူခြောက်ရာနီးပါး (၅၉၆) ဖမ်းဆီးခဲ့တယ်လို့ ဇန်နဝါရီလ ၃ ရက်နေ့မှာ Rangoon Scout Network (RSN) က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီက ညဘက်မှာ ပုံစံမျိုးစုံနဲ့ ဖမ်းဆီးနေတာလို့ Rangoon Scout Network (RSN) တာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။
"အများစုက ညဘက် လမ်းမပေါ် သွားလာနေတဲ့သူတွေ ဖမ်းခံရတာပါဗျ။ မှောင်ရိပ်ထဲက စောင့်ပြီး ဖြတ်သွားတဲ့သူတွေကို စစ်ဆေးစရာရှိလို့ လိုက်ခဲ့ဆိုပြီး ဖမ်းခေါ်သွားတာများပါတယ်။ ကင်းပတ်နေရင်း လူခြေပြတ်တဲ့နေရာ ကားပေါ် အတင်းဆွဲတင်သွားတဲ့ဖြစ်ရပ်တွေလည်း အများကြီးပဲဗျ။ ဧည့်စာရင်း မတိုင်ထားလို့ဆိုပြီး ဖမ်းခေါ်ခံရသူတွေလည်း များပါတယ်။ ရခိုင်မှတ်ပုံတင် ကိုင်ထားသူတွေ့ရင်လည်း ခေါ်သွားတာတွေ ရှိတယ်ဗျ။ တချို့ ညတွင်းချင်း ပြန်လွတ်လာကြတာတော့ သိရပါတယ်"
စစ်ကောင်တပ် ဖမ်းဆီးခဲ့တဲ့ ခြောက်ရာနီးပါးထဲက ၇၁ ဦး ပြန်လည်လွတ်မြောက်ခဲ့ပေမဲ့ ၁၆၂ ဦးက ပြန်မလွတ်လာသေးတာကို အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအထဲက ၃၅၈ ဦးရဲ့ နောက်ဆက်တွဲ အခြေအနေကိုတော့ စုံစမ်းနေဆဲဖြစ်ပြီး ပြန်လွတ်လာသူတွေထဲက ခြောက်ဦးဟာ ချုပ်နှောင်ထားတဲ့ကြားက ထွက်ပြေးလွတ်မြောက်လာတာလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဖမ်းခံရသူ ခြောက်ရာနီးပါးဟာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် ပေါ်တာဆွဲခံရတာဖြစ်တယ်လို့ Rangoon Scout Network (RSN) တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
ရန်ကုန်တိုင်းမှာ အရပ်သားတွေ ဖမ်းဆီးခံရတဲ့ ဖြစ်ရပ် ၂၃၇ ခု ရှိခဲ့ပြီး အဲဒီအထဲက ၁၄၉ ခုကို အတည်ပြုနိုင်ခဲ့ပေမဲ့ ၈၈ ခုကိုတော့ အတည်ပြုစုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီအထဲမှာ စစ်ကောင်စီက တွေ့သမျှလူ ဖမ်းရာမှာ အဖမ်းခံရသူ ၃၅၇ ဦး၊ ဧည့်စာရင်းစစ်ရာမှာ ဖမ်းခံရသူ ၁၇၄ ဦးနဲ့ ရှာဖွေဖမ်းဆီးခံရသူ ၅၉ ဦးရှိတယ်လို့လည်း ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေကို ရပ်ကွက်ရုံး၊ ထွေအုပ်ရုံး၊ ရဲစခန်းစတဲ့နေရာတွေကို ခေါ်သွားတာတွေရှိသလို စစ်တပ် တပ်စွဲထားတဲ့နေရာတွေ၊ တပ်စခန်းတွေထဲ ဖမ်းခေါ်သွားတာလည်း ရှိတယ်လို့လည်း ပြောပါတယ်။
ဖမ်းဆီးခံရသူတွေထဲက ၁၄၆ ဦးကို စစ်မှုထမ်းသင်တန်းကျောင်းတွေကို ပို့လိုက်ပြီး ခုနစ်ဦးကိုတော့ တော်လှန်ရေး လှုပ်ရှားသူတွေလို့ ဆိုကာ ဖမ်းဆီးခံရတယ်လို့ ရေးသားထားပါတယ်။ ဒါ့အပြင် ဆိုရှယ်မီဒီယာပေါ်မှာ စစ်ကောင်စီကို ဝေဖန်ရေးသားလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ နှစ်ဦးကိုလည်း ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
အသက်မပြည့်သေးတဲ့ လူငယ် လေးဦးကိုလည်း လိမ်လည်ခေါ်ယူပြီး စစ်တပ်ကို ရောင်းစားခဲ့တဲ့ ဖြစ်ရပ်လည်း ရှိခဲ့တယ်လို့ ရေးသားထားပါတယ်။
စစ်မှုထမ်းခေါင်းစဉ်နဲ့ ဖမ်းဆီးခံရသူတွေထဲမှာ တချို့က ပိုက်ဆံပေးပြီး ပြန်လွတ်လာသူတွေရှိပြီး မိသားစုတွေဆီကနေ ငွေကျပ် သုံးသိန်းကနေ ၂၃ သိန်းထိ တောင်းယူတာတွေရှိတယ်လို့လည်း RSN တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီအချက်အလက်တွေဟာ RSN နဲ့ ချိတ်ဆက်အဖွဲ့အစည်းတွေ၊ သတင်းမီဒီယာသတင်းတွေဆီကနေ ကိုးကား ပြုစုတွက်ချက်ထားတာဖြစ်ပြီး လက်တွေ့အခြေအနေကတော့ ဒီထက် ပိုမိုဆိုးရွားတယ်လို့လည်း ဆိုပါတယ်။
RSN အဖွဲ့ဟာ ရန်ကုန်တိုင်းအတွင်း မြို့နယ်အသီးသီးမှာ လူငယ်တွေဖမ်းဆီးခံရတဲ့အခြေအနေတွေနဲ့ စစ်ကောင်စီတပ်သားတွေရဲ့ လှုပ်ရှားမှုတွေကို နေ့စဉ် မှတ်တမ်းတင်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။ ဒီထုတ်ပြန်ချက်ပါ အချက်အလက်တွေနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ စစ်ကောင်စီပြောခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့လည်း ဖုန်းမဖြေပါဘူး။