အမျိုးသား ပြန်လည်သင့်မြတ်ရေး မျှော်လင့်ချက်ပိုများလာ
2010.11.21
ရန်ကုန်မြို့က စာနယ်ဇင်းဆရာ တဦးလည်းဖြစ်၊ နိုင်ငံရေးလေ့လာသူ တဦးလည်းဖြစ်တဲ့ ဦးအောင်ကျော်စိန်က မျှော်လင့်ချက် ပျောက်နေတဲ့ ပြည်သူတွေအကြား မျှော်လင့်ချက်တွေ ပြန်လည် သက်ဝင်လာတာ တွေ့ရတယ်လို့ တွေ့မြင် မေးမြန်းခဲ့တာတွေကို ကိုးကားပြီး သုံးသပ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် လွတ်လာတာဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ တိုင်းပြည်အတွက် အရေးပါတဲ့ ခြေလှမ်းဖြစ်ပေမယ့် အသက်အရွယ် ရလာတဲ့အတွက် သူ တဦးတယောက်ထဲက ဆောင်ရွက်နေတာထက် အများပြည်သူရဲ့ အားလည်း လိုပါတယ်လို့ ရန်ကုန် လူမှုရေး NGO တခုမှာ လုပ်ကိုင်နေတဲ့ လူငယ်တဦးက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာကို အစိုးရ သတင်းမီဒီယာ တွေမှာရော၊ ပုဂ္ဂလိက စာနယ်ဇင်းတွေမှာပါ ဝေေ၀ဆာဆာ ဖော်ပြလာတဲ့အတွက် အစိုးရ အာဏာပိုင်တွေ ဘက်ကလည်း အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီရေးကို အလေးအနက် ထားလာသလားလို့ ယူဆရပါတယ်။ ဒါပေမယ့် အရင် အတွေ့အကြုံတွေအပေါ် အခြေခံပြီး ဒီကိစ္စဟာ သံသယ ရှိစရာပါလို့ ရန်ကုန်မြို့က ထင်ရှားတဲ့ ကာတွန်းဆရာ အော်ပီကျယ်က သုံးသပ်ပါတယ်။
နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်စိန်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနောက်မှာ ပြည်သူတွေ လိုက်ပါမယ့် လက္ခဏာ မြင်ရသလို အစိုးရဘက်ကလည်း ဒီတကြိမ်မှာ ထိန်းထိန်းသိမ်းသိမ်းနဲ့ တိုင်းပြည်အကျိုးကို လုပ်လာမယ်လို့ မြင်ကြောင်း သုံးသပ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် လွတ်လာအပြီး မြန်မာ့နိုင်ငံရေးအပေါ် ရန်ကုန်က လေ့လာသူတွေရဲ့ အမြင်တချို့ကို RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက စုစည်း တင်ပြထားတာကို နားဆင်နိုင်ပါတယ်။
စုစည်းတင်ပြချက်။ |
|
အသံဖိုင်ယူရန်။ |