အမ်းမြို့တိုက်ပွဲက ထွက်ပြေးလာတဲ့ စစ်သုံ့ပန်း ၁၂ ဦး ဖမ်းမိထားကြောင်း တော်လှန်ရေးတပ်တွေပြော
2024.12.04
ရခိုင်ပြည်နယ် အမ်းမြို့တိုက်ပွဲက ထွက်ပြေးလာတဲ့ ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးကို လက်နက်ခဲယမ်းတွေနဲ့တူ ဖမ်းဆီးရမိခဲ့တယ်လို့ တော်လှန်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ဒီဇင်ဘာလ ၄ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
အာရက္ခတပ်တော် (AA) နဲ့ အမ်းမြို့တိုက်ပွဲအတွင်းက ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ အရှိုချင်းကာကွယ်ရေးတပ် (ACDF) ရဲ့ ပြန်ကြားရေးတာဝန်ခံ ဆလိုင်း ခနီလေဗွေက RFA ကို ပြောပါတယ်။
“အမ်းမြို့ နပခ တိုက်ပွဲက ထွက်ပြေးလာတာ မှန်ပါတယ်၊ သတင်းအရ ကျွန်တော်တို့ ပူးပေါင်တပ်ဖွဲ့တွေက ဖမ်းဆီးခဲ့တာပါ၊ သူတို့လည်း အသာတကြည် လက်နက်ချခဲ့ကြတယ်၊ သူတို့ထဲက ဒဏ်ရာရလာသူတချို့ကို ဆေးကုသပေးပြီး စစ်သုံ့ပန်းဥပဒေတွေနဲ့အညီ စနစ်တကျ ထိန်းသိမ်းထားပါတယ်”
မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဖြစ်တဲ့ အရှိုချင်းကာကွယ်ရေးတပ် (ACDF)၊ New Society Army (NSA) နဲ့ ပြည်သူ့လွတ်လပ်ရေးတပ်တော်(PIA) သုံးဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး လက်နက်ခဲယမ်းတွေနဲ့အတူ ကွန်ပျူတာတစ်လုံးနဲ့ ဖုန်းတစ်လုံးတို့ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့က အမ်းမြို့ပေါ်က စစ်ကောင်စီတပ်ရဲ့ ကာကင်းစခန်းတွေ အားလုံးကို AA က တိုက်ခိုက်သိမ်းပိုက်ထားပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေ RFA ကို ဒီဇင်ဘာလ ၃ ရက်နေ့က ပြောဆိုထားပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲအချိန်တစ်နှစ်အတွင်း မြို့နယ်ပေါင်း ၁၇ မြို့နယ်ရှိတဲ့အထဲက ဆယ်မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို AA က သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။