နယ်မြေရှင်းလင်းမှာ စိုးရိမ်ပြီး အမ်းဒေသခံ ငါးထောင်ကျော် နေရပ်စွန့်ခွာထွက်ပြေးရ
2020.07.05
အမ်းမြို့နယ် ဒလက်ကျေးရွာအုပ်စုက နတ်မော်ကျေးရွာနဲ့ အနားတဝိုက်ရှိကျေးရွာတွေက ဆရာတော်တွေနဲ့ လူကြီးတချို့ကို ဇွန်လ ၂၇ ရက်နေ့မှာ တပ်မတော်တာဝန်ရှိသူတွေက ခေါ်ယူပြီး နယ်မြေရှင်းလင်းစရာရှိနေလို့ ခေတ္တရှောင်နေကြဖို့ နှုတ်နဲ့ ပြောဆိုခဲ့တာကြောင့် ဒေသခံ ငါးထောင်ကျော်ဟာ အမ်းမြို့ပေါ်အပါအဝင် နီးစပ်ရာကျေးရွာတွေကို ကားတွေနဲ့ ပြောင်းရွှေ့နေကြတယ်လို့ အကူညီပေးသူတွေက ပြောပါတယ်။
ဇွန်လ ၂၈ ရက်ကနေ ဇူလိုင်လ ၃ ရက်နေ့အထိ တပတ်အတွင်း ဒလက်ကျေးရွာအုပ်စုက ရွာသား ငါးထောင်ကျော်ဟာ ကားတွေနဲ့ ထွက်ပြေးနေရတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို အကူညီပေးနေတဲ့ ကိုမျိုးလွင်က ပြောပါတယ်။
တပ်က နယ်မြေရှင်းလင်းမယ်လို့ နှုတ်နဲ့ အမိန့်ပေးတာကြောင့် ဒေသခံတွေ ကြောက်လန့်ထွက်ပြေးနေတာလို့ ကိုမျိုးလွင်က ပြောပါတယ်။
"နယ်မြေရှင်းလင်းမယ်ဆိုပြီး နှုတ်မိန့်နဲ့လာပြီးအမိန့်ပေးတယ်ပေါ့၊ အဲအပေါ်မှာ ဒလက်ချောင်း တစ်ချောင်းလုံးက ဒေသခံတွေက ကြောက်လန့်သွားကြတယ်ပေါ့၊ နယ်မြေရှင်းလင်းရေးဆိုတဲ့ စကားလုံးသုံးကတည်းက လက်နက်ကြီးကျည်တွေထိလို့ သေဆုံးသွားတာတွေ၊ ဒဏ်ရာရတာတွေ ရှိတာကြောင့် ဒလက်အုပ်စုထဲမှာ ဖြစ်နေတယ်ပေ့ါ၊ အဲဒီတော့ နယ်မြေရှင်းလင်းရေး လုပ်မယ်ဆိုပြီး နှုတ်မိန့်နဲ့ အမိန့်ပေးလိုက်တဲ့အခါမှာ ဒေသခံတွေက ကြောက်လန့်ပြီး ထွက်ပြေးကြတဲ့သဘော သက်ရောက်တယ်"
တပ်မတော်က ခြောက်လကျော် ကုန်းလမ်းရေလမ်း ပိတ်ဆို့ထားတဲ့ ဒလက်ဒေသခံတွေကို ထွက်ပြေးခွင့် ပြုတာကြောင့် နေ့စဉ်ဆိုသလို ကားတွေနဲ့ ထွက်ပြေးနေကြတယ်လို့လည်း ကိုမျိုးလွင်က ပြောပါတယ်။
အမ်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေးကလည်း ဒလက်ချောင်းဘက်က ကျေးရွာ လေးရွာကို တပ်ကလွတ်ရာကို ရှောင်ခိုင်းတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရကြောင်း ပြောပါတယ်။
"ကုန်ခဲ့တဲ့တပတ်လောက်က ရွာလေးရွာက ဒေသခံပြည်သူတွေကို လွတ်ရာသို့ ရှောင်တိမ်းကြဖို့ပေါ့နော်၊ သူတို့စစ်ဆင်ရေးအချိန်မှာ ပါသွားမှာဆိုးတယ်ဆိုတဲ့ သဘောမျိုးနဲ့ လွတ်ရာကို ရှောင်ခိုင်းတဲ့ သဘောမျိုးပေါ့၊ အဲတာတော့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်"
တပ်မတော်က နယ်မြေရှင်းလင်းရေးလုပ်ဖို့ ဒေသခံတွေကို နှုတ်မိန့်နဲ့ ရှောင်တိမ်းခိုင်းတယ်ဆိုတာနဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ဆက်သွယ် မေးမြန်းရာမှာတော့ ငြင်းဆိုပါတယ်။
ဒလက်ချောင်းဘက်မှာ နယ်မြေရှင်းလင်းဖို့ စာထုတ်ထားတာမရှိကြောင်းနဲ့ အဲဒီဘက်မှာ တိုက်ခိုက်တာမျိုးတွေ ရှိခဲ့တဲ့အတွက် နယ်မြေလုံခြုံရေးအရ စစ်ဆေးဆောင်ရွက်တာတော့ ရှိတယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
"ဒလက်ချောင်းဘက်မှာ ဒါနဲ့ပတ်သက်လို့ လုပ်ဆောင်တာမရှိပါဘူး၊ ဒီဘက်မှာအရင်က ထိတွေ့မှုတွေရှိခဲ့တယ်၊ ဒီလိုမျိုးလုပ်ဆောင်ရမယ့်အဆင့်မရှိပါဘူး၊ သို့သော်လုံခြုံရေးအရ စစ်ဆေးဆောင်ရွက်ရတာ ရှိနိုင်ပါတယ်"
ရသေ့တောင်မြို့နယ်ဘက်မှာ စာထုတ်ခဲ့တာရှိပြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးက စာထုတ်ရာမှာ အသုံးအနှုန်းလွဲတာကြောင့် ပြန်ပယ်ဖျက်ခဲ့တာရှိတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
ပြီးခဲ့တဲ့ဇွန်လ ၂၆ ရက်နေ့ကလည်း နတ်မော်ကျေးရွာထဲကို လက်နက်ကြီးကျည်ကျတာကြောင့် လူ နှစ်ဦး သေဆုံးခဲ့ပြီး ငါးဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဒလက်ကျေးရွာအုပ်စုရှိတဲ့ ဒေသခံတွေဟာ ရွာလုံးကျွတ်နီးပါး ကားတွေနဲ့ အမ်းမြို့ပေါ်က စစ်ဘေးဒုက္ခသည်စခန်း၊ ရပ်ကွက်တွေထဲက နီးစပ်ရာအိမ်တွေ၊ ကမ်းထောင်းကြီး၊ ကဇုကိုင်းနဲ့ မကွေးတိုင်းဘက်ကို ထွက်ပြေးကြတယ်လို့ အကူညီပေးသူတွေက ပြောပါတယ်။
ဒလက်ချောင်းတစ်လျှောက်မှာ ရွာပေါင်း ၄၀ ကျော်ရှိပြီး ရခိုင်တိုင်းရင်းသားတွေ နေထိုင်တဲ့ရွာ လေးရွာနဲ့ ချင်းတိုင်းရင်းသားတွေ နေထိုင်ကြတဲ့ရွာ အများအပြားရှိပါတယ်။
လက်ရှိအမ်းမြို့ပေါ်က ဒုက္ခသည်စခန်းတွေမှာ ထွက်ပြေးနေတဲ့လူ ၁၅၀၀ ကျော်နဲ့ အပြင်ရပ်ကွက်တွေမှာ ကိုယ်ထူကိုယ်ထ နေထိုင်တဲ့လူ ၃၀၀၀ ကျော်ရှိတယ်လို့ အကူညီပေးတဲ့လူတွေ ကောက်ယူထားတဲ့ စာရင်းအရ သိရပါတယ်။
အစိုးရက ဖွင့်ထားတဲ့ ကယ်ဆယ်ရေးစခန်းတွေကတော့ အစိုးရရဲ့ ထောက်ပံ့ကူညီမှုတွေရပြီး စားသောက်ရေး အဆင်ပြေကြပေမယ့် ရပ်ကွက်တွေထဲမှာနေထိုင်တဲ့ စစ်ဘေးဒုက္ခသည်တွေကတော့ စားဝတ်နေရေး အခက်အခဲရှိနေတယ်လို့ အကူညီပေးသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ နောက်ဆုံးပတ်ကလည်း ရသေ့တောင်မြို့နယ်မှာ တပ်မတော်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်မယ်ဆိုပြီး ပြောဆိုချက်ကြောင့် ဒေသခံ နှစ်သောင်းကျော် ထွက်ပြေးခဲ့ရပါတယ်။ နယ်မြေရှင်းလင်းရေးကိစ္စ ရခိုင်ပြည်နယ် နယ်လုံဝန်ကြီးရဲ့ ထုတ်ပြန်ချက်ကို ပြန်လည်ရုပ်သိမ်းလိုက်ပေမယ့် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကတော့ နေရပ်တွေကို ဒီနေ့အချိန်ထိ မပြန်ရဲဘဲဖြစ်နေပါတယ်။
ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC က ကောက်ယူထားတဲ့ စာရင်းတွေအရ ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA နှစ်ဖက်တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် ၁၉၀,၀၀၀ ကျော် အထိရှိနေပြီဖြစ်ပါတယ်။