အမ်း ဒလက်ချောင်းမှာ ဆန်ပြတ်လပ်လို့ ရွာသား ၁၀၀ ခန့်ကျေးရွာကိုစွန့်ခွာ
2020.06.15
ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒလက်ချောင်းအုပ်စု မင်္ဂလာဒုံကျေးရွာက ရွာသား ၁၀၀ ခန့်ဟာ စားနပ်ရိက္ခာတွေ ပြတ်လပ်ပြီး ဒလက်ချောင်းအနောက်ရွာမှာရှိတဲ့ မြသိန်းတန်ကျောင်းတိုက်ကို ရွာကိုစွန့်ခွာပြီးထွက်ပြေးရောက်ရှိ လာကြပါတယ်။
ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒလက်ချောင်းအုပ်စု မင်္ဂလာဒုံကျေးရွာသား ၁၀၀ နီးပါးဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့ကနေစလို့ ဒီနေ့မနက်ပိုင်းအထိ ဒလက်ချောင်းအနောက်ရွာမှာရှိတဲ့ မြသိန်းတန် ကျောင်းတိုက်ကို ထွက်ပြေးရောက်ရှိလာကြတာလို့ ကျေးရွာသားတွေက ပြောပါတယ်။
တပ်မတော်က ကုန်းလမ်း၊ ရေလမ်းတွေကို ပိတ်ထားတာကြောင့် အငတ်ဘေးနဲ့ ရင်ဆိုင်လာကြရတဲ့အတွက် အခုလို ထွက်ပြေးလာကြတာလို့ ထွက်ပြေးလာသူတစ်ဦးဖြစ်တဲ့ မင်္ဂလာဒုံကျေးရွာသား ဦးမောင်ဖေက RFA ကို ပြောပါတယ်။
“ဟိုကိုဒီကို သွားလာလို့မရဘူး။ စားစရာလည်းမရှိ။ လူတွေဟာ ဗုံးဆန်ကျည်ဆန်ကြားမှာ အခက်အခဲဖြစ်ပြီး စားသောက်စရာမရှိလို့ ဘုန်းကြီးကျောင်းကို ရောက်နေတာပါ။ အငတ်ပြဿနာတွေနဲ့ ရင်ဆိုင်လာကြရတာ။ သူများတွေကတော့ အမ်းနဲ့ ရန်ကုန်ကို သွားကြတယ်။ ကျွန်တော်တို့မှာ သွားဖို့ပိုက်ဆံလည်းမရှိ၊ စားဖို့လည်း မရှိ၊ ဝတ်ဖို့လည်းမရှိတာနဲ့ နီးစပ်တဲ့နေရာကိုပဲ ရှောင်လာကြရတာပါ။ ကျွန်တော်တို့ တောင်းဆိုချင်တာက ကျန်တာဘာမှမလိုပါ စားဖို့ဆန်တစ်ခုကိုပဲ တောင်းဆိုချင်ပါတယ်”
မင်္ဂလာဒုံကျေးရွာဟာ အိမ်ခြေ ၇၀ ကျော်ရှိတဲ့ ချင်းတိုင်းရင်းသားကျေးရွာတစ်ခုဖြစ်ပြီး ကျေးရွာသားတွေဟာ လွန်ခဲ့တဲ့ ၃ လလောက်ကပင် အမ်းမြို့နဲ့ ရန်ကုန်မြို့ကို တစ်စတစ်စ စွန့်ခွာသွားကြတာပါ။
အခု လူ ၁၀၀ နီးပါးဟာ ရွာကိုနောက်ဆုံးစွန့်ခွာတဲ့ အသုတ်ဖြစ်ပြီး ရွာမှာတော့ သက်ကြီးရွယ်အိုတွေနဲ့ နာမကျန်းဖြစ်နေသူ ၂၀ ကျော်လောက်သာ ရွာစောင့်အဖြစ်ကျန်ရစ်ခဲ့ကြတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။
ရိက္ခာအခက်အခဲကြောင့် ရွာကိုပြန်မယ့်အချိန်ဟာ မသေချာတော့ဘူးလို့ ကျေးရွာသားတစ်ဦးက ပြောပါတယ်။
မြသိန်းတန်ကျောင်းတိုက်က ဂေါပကလူကြီးတစ်ဦးဖြစ်သူ ဦးဘသော်က ထွက်ပြေးလာသူတွေကို အလှူရှင်တွေ ရဲ့အကူအညီနဲ့ လတ်တလော ကျွေးမွေးထားရတယ်လို့ ပြောပါတယ်။
“လမ်းပန်းဆက်သွယ်ရေး သွားလာခွင့်က မရတော့ စားနပ်ရိက္ခာက ကုန်လာကြတယ်။ အဲဒါကြောင့် မြသိန်းတန် ကျောင်းတိုက်ကို ပြေးလာကြလို့ လူကြီးနဲ့ ကလေးတွေက လူပေါင်း ၉၀ ကျော်လောက်ရှိတယ်။ အဲဒါကို ကျွန်တော်က ဒီမှာရတဲ့ငွေလေးနဲ့ ဆန်တွေနည်းနည်းပါးပါး ဝယ်ပြီးတော့ ကျွေးနေပါတယ်။ ကလေးတွေက ငတ်နေကြလို့ အခုစားရတဲ့အခါကျတော့ ဝမ်းသာကြပါတယ်”
အမ်းမြို့နယ် ဒလက်ချောင်းထဲမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေလို့ တပ်မတော်က လွန်ခဲ့တဲ့ အချိန် ၉ လလောက်ကပင် ရေကြောင်းသွားလာရေးတွေကို ပိတ်ထားသလို ကုန်လမ်းကိုလည်း လွန်ခဲ့တဲ့ ၃ လလောက်ကပင် ပိတ်ထားတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။
ရေလမ်း၊ ကုန်းလမ်းကို အခုလိုပိတ်တာက တပ်မတော်က အေအေအဖွဲ့အပေါ် ဦးတည်တာဖြစ်ပေမယ့် လက်တွေ့မှာတော့ ဒေသခံအရပ်သားတွေပါ ပိုမိုအခက်တွေ့နေကြတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒလက်အနောက်ရွာက လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက ဆန်တွေမရှိလို့ အသီးတွေကိုပြုတ်ပြီး စားသောက်နေရသူတွေရှိတယ်လို့ ပြောပါတယ်။
“စားဝတ်နေရေးကတော့ ခက်ခဲတာပေါ့။ တချို့ဆိုရင် ဆန်တောင် မစားနိုင်ကြတော့ဘူး။ စားစရာလည်း မရှိဘူး။ အလုပ်အကိုင်ကလည်း မရှိဘူး။ လယ်ယာဥယျာဉ်တွေမှာ လက်နက်ကြီးအစတွေ လာစင်တယ် ဆိုတော့လေ စိုက်ခင်းတွေဆီ မသွားရဲကြတော့ဘူး။ တချို့ဆို စားစရာတောင် မရှိတော့ဘူး။ အဲလိုတွေ ဖြစ်နေကြတာ။ လောလောဆယ် စားရေးအတွက် ပတ်ရှာတယ်။ ရှိတဲ့သူတွေဆီက လှည့်ချေးတယ်။ တချို့ကလည်း ဘယ်လိုမှမရနိုင်တော့ ကိုင်းတွေယာတွေကို အသက်စွန့်သွားပြီးတော့ အသီးအနှံတွေကို ပြုတ်စားကြရတယ်။ အဲဒါတွေစားပြီးတော့ နေနေကြရတယ်”
ဒလက်ချောင်းထဲမှာ ကျေးရွာပေါင်း ၂၀ လောက်ရှိပြီး အများဆုံးက ချင်းတိုင်းရင်းသား ကျေးရွာတွေပါ။
ဒေသခံတွေဟာ တောတောင်ကို အမှီပြုပြီးတော့ ဥယျာဉ်၊ ကိုင်း၊ သစ်ခုတ်ဝါးခုတ် စတဲ့အလုပ်တွေနဲ့ ရပ်တည်ကြတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ကပင် ရက္ခိုင့်တပ်တော်(AA)နဲ့ တပ်မတော်တို့အကြား တိုက်ပွဲတွေ ပြင်းထန်လာပြီးတော့ ရပ်တည်ရေးတွေ ခက်ခဲလာကြတာပါ။
ဒီဒေသမှာ လမ်းပန်းဆက်သွယ်ရေးအတွက် ပင်မလမ်းဆုံနေရာတစ်ခုဖြစ်တဲ့ ကဇုကိုင်းတံတားမှာ တပ်မတော်က စခန်းချပြီးတော့ လမ်းကြောင်းတွေကို ပိတ်ဆို့ထားတာလို့ ဒေသခံတွေက ပြောပါတယ်။
တပ်မတော်ဘက်က ပြန်ပြီးတော့ ဖြေလျှော့ပေးမယ်ဆိုရင် ဒေသခံတွေအတွက် ကုန်ရောင်းကုန်ဝယ်လုပ်ငန်းတွေ ပြန်လည်လည်ပတ်လာနိုင်မှာဖြစ်တဲ့အတွက် သွားလာခွင့်တွေကို ပြန်ဖွင့်ပေးဖို့ကို ဒေသခံတွေက တောင်းဆိုကြ ပါတယ်။
ဒီတောင်းဆိုချက်နဲ့ပတ်သက်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို RFA က မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
အမ်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့အထိ ကဇုကိုင်း၊ မဲသံကြိုး၊ ဒလက်ချောင်း အနောက်အလယ်၊ အလယ်ကျွန်း အစရှိတဲ့ ကျေးရွာပေါင်း ၁၆ ရွာမှာ စစ်ဘေးဒုက္ခသည် ၃၃၀၀ ကျော်ရှိတယ်လို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး(REC)က ထုတ်ပြန်ထားပါတယ်။
ရခိုင်တစ်ပြည်နယ်လုံးမှာ ဆိုရင်တော့ ဇွန်လ ၈ ရက်နေ့အထိ စစ်ဘေးဒုက္ခသည် ဦးရေဟာ တစ်သိန်းငါးသောင်း ကျော် ရှိတယ်လို့လည်း REC က ထုတ်ပြန်ထားပါတယ်။
ရခိုင်မြောက်ပိုင်းမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး မနေ့ကလည်း ရသေ့တောင်မြို့နယ် အုန်းချောင်းရွာဘက်မှာ တိုက်ပွဲတွေဖြစ်ခဲ့သလို ဒီနေ့မနက်ပိုင်းမှာလည်း မြောက်ဦးမြို့နယ် ကျောင်းတောင်ရွာအရှေ့ဘက်မှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောကြပါတယ်။