အမ်းမြို့ ဒုက္ခသည်စခန်းမှာ နေရာမရသူတွေ စားဝတ်နေရေး ခက်ခဲနေ
2020.07.16
ရခိုင်ပြည်နယ် အမ်းမြို့ပေါ်မှာ အစိုးရက စီစဉ်ထားပေးတဲ့ စစ်ဘေးဒုက္ခသည်စခန်း နှစ်ခုရှိပြီး အဲဒီမှာ ဒုက္ခသည် ၁၅၀၀ ကျော်ရှိနေပါတယ်။ စခန်းမှာ လူမဆန့်တော့တာကြောင့် အမ်းမြို့ပေါ် ရပ်ကွက်အသီးသီးမှာ အိမ်၊ မြေ နေရာ ငှားရမ်းနေထိုင်နေရတဲ့ ဒုက္ခသည်အရေအတွက်က သုံးထောင်ကျော် ရှိနေတာပါ။ စခန်းပြင်ပက ဒုက္ခသည် တွေဟာ အကူအညီအထောက်အပံ့တွေ မရတဲ့အတွက် စားဝတ်နေရေး အခက်အခဲနဲ့ ကြုံတွေ့နေရပါတယ်။
အဲဒီဒုက္ခသည်တွေဟာ ကိုယ့်စရိတ်နဲ့ကိုယ် စားသောက်နေထိုင်နေကြတယ်လို့ အမ်းမြို့ပေါ်က စစ်ဘေး ဒုက္ခသည်တွေကို ကူညီနေတဲ့ ကိုမျိုးလွင်က ပြောပါတယ်။
“အထောက်အပံ့တွေ မရကြဘူး။ တချို့ဆိုရင် မြေကွက်ငှား၊ ယာယီအဆောင်တွေဆောက်ပြီး နေကြတယ်။ အိမ်သာမရှိလို့ တောတိုးနေရတာတွေ အများကြီးရှိတယ်။ သူတို့ကိုယ်တိုင်ကလည်း ထွက်ပြေးလာတဲ့အခါ အဝတ်တထည်ကိုယ်တစ်ခုနဲ့ ထွက်ပြေးလာရတာဆိုတော့ သီးသန့်နေနိုင်တဲ့ အနေအထားမှာ မရှိဘူး။ အဲဒီလိုမရှိတဲ့အခါ ကိုယ်ထူကိုယ်ထစနစ်နဲ့ နေလိုက်တော့ ပိုပြီး ဒုက္ခရောက်တယ်“
အိမ်ငှားနေရတဲ့ ဒုက္ခသည်တွေအတွက် အိမ်ငှားရမ်းခ ကျပ် လေးသောင်းကနေ တစ်သိန်းထိ ကုန်ကျနေပါတယ်။ တချို့ကတော့ မြေနေရာ ငှားရမ်းပြီး တဲထိုးနေကြတယ်လို့ ဆိုပါတယ်။
ချောင်းဝရွာကနေ အမ်းမြို့ပေါ်ကို မိသားစုလိုက် ထွက်ပြေးလာကြတဲ့ ကိုဝင်းဇော်က ပိုမိုလုံခြုံစိတ်ချရတဲ့ ဒေသသစ်ရောက်လာပေမယ့် သင့်လျော်တဲ့ နေရာထိုင်ခင်းနဲ့ အလုပ်အကိုင် ခက်ခဲနေတယ်လို့ ပြောပါတယ်။
“ဟိုမှာ ရေကြောင်းလမ်းကမဖွင့်လို့ စားဖို့ဆန်တွေက မရှိဘူး။ ဆန်တစ်အိတ်ကို ခြောက်သောင်းနဲ့တောင် ဝယ်မရဘူး၊ အဲဒါနဲ့ အမ်းမှာ ဘယ်လိုပဲဖြစ်ဖြစ်ဆိုပြီး ထွက်ပြေးလာကြတာပါ။ သပ်သပ်နေတာ၊ ပြင်ပမှာ ရှာစားမယ်ဆိုပြီး အခုလောလောဆယ်တော့ ဘာရှာလို့ ဘာစားရမလဲ မသိဘူး။ စစ်ဘေးရှောင်စခန်းမှာလည်း လူတွေထူထပ်နေတော့ အဲဒီမှာလည်း မနေချင်ဘူးလေ။ ကိုယ့်အိမ်နဲ့ကိုယ် ဘယ်လိုပဲဖြစ်ဖြစ်နေမလို့၊ အခု လက်ရှိကတော့ အိမ်ဆောက်နေကြတုန်းပဲ။ တချို့တွေဆိုရင် အုန်းတွေလည်း မရှိ၊ ဝါးတွေလည်း မရှိ။ အခုလောလောဆယ် ဒုက္ခရောက်နေတယ်"
အစိုးရက ဖွင့်ပေးထားတဲ့ ဒုက္ခသည်စခန်းမှာ ခိုလှုံနေသူတွေက အထောက်အပံ့တွေရပေမယ့် စခန်းပြင်ပမှာ နေရတဲ့ဒုက္ခသည်တွေကတော့ အကူအညီတွေ မရကြပါဘူး။
"သူတို့တွေက စစ်ဘေးရှောင်စခန်းတွေထက် အများကြီး အခက်အခဲရှိတယ်။ ကျွန်တော်တို့ စစ်ဘေးရှောင်စခန်းက အချိန်တန်ရင်တော့ ထမင်းနပ်မှန်အောင်စားရလိမ့်မယ်။ သူတို့မှာကျတော့ ဆန်လည်းလှူဖို့လူမရှိဘူး။ ငွေလည်းလှူဖို့လူမရှိဘူး။ ဟင်းသီးဟင်းရွက် ငရုတ် ကြက်သွန်တွေလည်း တစ်ယောက်မှလှူမယ့်သူမရှိဘူး"
အမ်းမြို့ပေါ် အမှတ် (၂) တိုက်ပွဲရှောင် နေရပ်စွန့်ခွာစခန်း ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ကိုစိုးသိန်း ပြောသွားတာပါ။
စခန်းပြင်ပမှာ နေရတဲ့ဒုက္ခသည်တွေကို အကူအညီပေးမယ့် အလားအလာနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကို RFA က ဆက်သွယ်မေးမြန်းရာမှာ သူတို့မှာ ကူညီထောက်ပံ့ဖို့ ခက်ခဲတဲ့အကြောင်း ပြောပါတယ်။
"ဆွေမျိုးအိမ်မှာနေလို့ အဆင်ပြေတဲ့သူရှိမယ်။ ကိုယ့်အိမ်ငှားပြီးနေလို့ အဆင်ပြေတဲ့သူရှိမယ်။ လူမျိုးစုံ ပါတယ်လေ။ လူမျိုးစုံပါတဲ့အခါကျတော့ သူတိုရဲ့အနေထားအပေါ်မှာ မူတည်ပြီး နေထိုင်ကြလိမ့်မယ်။ ကျွန်တော်တို့ရဲ့ အကူအညီ အမှန်တကယ်လိုအပ်တဲ့သူတွေ ဥပမာ နေရေးလိုအပ်တယ်၊ စာရေးလိုအပ်တယ် ဆိုတဲ့သူတွေအတွက်ကတော့ အတတ်နိုင်ဆုံး ကူညီပေးမယ် ဆိုပြီးတော့ လုပ်ဆောင်ထားတာရှိတယ်။ နေရေးအတွက် အရမ်းအခက်အခဲဖြစ်နေတယ်ဆိုရင် အဆောက်အအုံလိုအပ်လည်း အဆောက်အအုံဆိုပြီး ဆောက်ပေးရတဲ့ကဏ္ဍတွေလည်းရှိပါတယ်"
အမ်းမြို့နယ် ဒလက်ချောင်းအုပ်စုမှာ ရွာပေါင်း ၄၈ ရွာ ရှိပါတယ်။
ဇူလိုင်လဆန်းအတွင်း တပ်မတော်က ဒလက်ချောင်းဘက်မှာ စစ်ဆင်ရေးလုပ်မယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့သလို ရွာတွေထဲ လက်နက်ကြီးကျည် ကျရောက်တာ၊ နယ်မြေလုံခြုံမှုမရှိလို့ သွားလာရေးခက်ခဲပြီး စားနပ်ရိက္ခာ ပြတ်တောက်တာတွေကြောင့် ရွာ ၁၈ ရွာက ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးနေရပါတယ်။
တချို့ရွာတွေဆိုရင် လူဦးရေ သုံးပုံ တစ်ပုံလောက်သာ ရွာမှာကျန်ပြီး အမ်းမြို့ပေါ်နဲ့ ကဇုကိုင်း၊ ကမ်းထောင်းကြီးစတဲ့ နီးစပ်ရာကျေးရွာတွေကို နေ့စဉ်ဆိုသလို ကားတွေနဲ့ ထွက်ပြေးနေကြတာပါ။
ရခိုင်ပြည်နယ်မှာ ၂၀၁၈ နှစ်ကုန်မှာစတင်ခဲ့တဲ့ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲတွေကြောင့် အမ်းမြို့နယ်က ဒေသခံတွေအပါအဝင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည် တသိန်းရှစ်သောင်းကျော် ရှိနေပြီး အဲဒီထဲမှာဆိုရင် ဒုက္ခသည်စခန်းတွေ ပြင်ပမှာ နေထိုင်တဲ့ဒုက္ခသည် တသိန်းနှစ်သောင်းကျော်ရှိတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC က ပြီးခဲ့တဲ့ တပတ်လောက်က ထုတ်ပြန်ထားပါတယ်။