အမ်းမြို့နယ်မှာ အတိုးနည်းချေးငွေ ထုတ်ပေး
2015.09.27
မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ရခိုင်ပြည်နယ် အမ်းမြို့နယ်ထဲက ကျေးရွာ ၈ ရွာမှာ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ဖို့ အရင်းအနှီးလိုအပ်နေသူတွေ အတိုးနှုန်းသက်သာစွာနဲ့ ငွေချေးနိုင်ဖို့ တစ်ရွာ ကို ကျပ်သိန်း ၃ဝဝ စီ တနင်္ဂနွေနေ့က ထုတ်ချေးပေးခဲ့ပါတယ်။
လောင်းကစားနဲ့ အရက်ဆိုင်တွေမရှိတဲ့ ကျေးရွာတွေထဲက ရွာ ၈ ရွာက ကျေးရွာသူ၊ ကျေးရွာသားတွေ တပိုင်တနိုင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်နိုင်ဖို့အတွက် အရင်းမပျောက်လည်ပတ်ရန်ပုံငွေကို ထုတ်ပေးတာဖြစ်ကြောင်း အမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညီညီက ပြောပါတယ်။
"ကျေးရွာသူ ကျေးရွာသားတွေ တပိုင်တနိုင်စီးပွားရေးလုပ်ငန်းတွေ လုပ်လာနိုင်မှာပေါ့ဗျာ၊ အဆင်ပြေလာမှာ ဆက်သွယ်ရေးလွယ်ကူတာ နောက်ပြီးတော့ အုပ်ချုပ်မှုလွယ်ကူတာ ဆိုတဲ့အချက်တွေ နောက် ပြီးတော့ လောင်းကစားတွေဘာတွေ အရက်ပုန်းတွေရောင်းတာ မရှိဘူးဆိုတဲ့အချက်တွေနဲ့ အစည်းအဝေး ထိုင်ပြီးတော့ ကျနော်တို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်"
အမ်းမြို့နယ်အတွင်းက ကလိုင်းတောင်၊ ရေဘုတ်၊ အဝပြင်၊ ဂါယ်လောင်း၊ သရွဲ စတဲ့ အိမ်ခြေ ၁ဝဝ နဲ့အထက်ရှိ တဲ့ ကျေးရွာတွေကို အရင်းမပျောက်မတည်ငွေတွေ ထုတ်ပေးတာဖြစ်ပါတယ်။ အရင်းမပျောက် မတည်ငွေရရှိ တဲ့ ကျေးရွာတွေအနေနဲ့ ရပ်ရွာကကြည်ညိုလေးစားသူတွေ ပါဝင်တဲ့ ရန်ပုံငွေကြီးကြပ်မှုကော်မတီတစ်ခု ဖွဲ့စည်း ရမှာဖြစ်ပါတယ်။
ချေးငွေထုတ်ယူလိုသူတွေဟာ အဲ့ဒီကော်မတီကို လုပ်ကိုင်လိုတဲ့ စီးပွာရေးလုပ်ငန်းကို တင်ပြရမှာဖြစ်ပြီး တစ်လကို အတိုးနှုန်း ဝ.၅ ရာခိုင်နှုန်းကနေ ၁.၅ ရာခိုင်နှုန်းအတွင်း ကော်မတီကသတ်မှတ်တဲ့အတိုင်း အတိုးပေးရမှာဖြစ် ပါတယ်။ မိသားစုတစ်ခုကို ၅ သိန်းထက်ပိုတဲ့ ချေးငွေထုတ်မပေးဖို့၊ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့လုပ်ငန်း နဲ့ မူးယစ်ဆေးဝါကဲ့သို့ တရားမဝင် စီးပွားရေးလုပ်ငန်းတွေကို ချေးငွေထုတ်မပေးဖို့လည်း စည်းကမ်းသတ်မှတ်ထား ပါတယ်။
မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ဒီစီမံကိန်းကို မြစိမ်းရောင်ကျေးရွာစီမံကိန်းလို့ သတ်မှတ်ပြီး ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်အတွက် မြန်မာနိုင်ငံအနှံ့က ကျေးရွာပေါင်း တစ်ထောင့်တစ်ရာကျော် ၁၁၅ဝ ကို တစ်ရွာကို ကျပ်သိန်း ၃ဝဝ နှုန်းနဲ့ အရင်းမပျောက် လည်ပတ်ရန်ပုံငွေတွေ ထုတ်ပေးနေပါတယ်။
လာမယ့် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်မှာလည်း မြန်မာနိုင်ငံအနှံ့က ကျေးရွာပေါင်း ၃ဝဝဝ ကို အရင်းမပျောက် လည်ပတ်ရန်ပုံငွေတွေ ထုတ်ပေးသွားဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။