နာရေး ကူညီမှုအသင်းတခု ထပ်မံပေါ်ထွက်

ရန်ကုန်တိုင်းအတွင်း ဆင်းရဲချို့တဲ့ တဲ့ ပြည်သူတွေရဲ့ နာရေးကိစ္စ တွေကို ကူညီဖို့ ဆန်း ဂရုဏာ နာရေးကူညီမှု အသင်းကို စေတနာရှင်တချို့က ဒီကနေ့ ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။

2011.02.05
hearse_free_funeral_305_z ရုပ်ရှင်သရုပ်ဆောင် ကျော်သူဦးစီးသည့် နာရေးကူညီမှုအသင်း ရုံးရှေ့တွင် အသုဘယာဉ် တစီး ရပ်ထားပုံ ဖြစ်ပါသည်။ (Photo: Free Funeral Services Society- F.F.S.S)
(Photo: Free Funeral Services Society- F.F.S.S)

ရန်ကုန်အရှေ့ပိုင်းခရိုင် သင်္ကန်းကျွန်းမြို့နယ် ၁၆/၂ ရပ်ကွက်၊ အမှတ် ၁၈၁ (ဃ) မှာရှိတဲ့ ဦးဇော်ဝင်းရဲ့ နေအိမ်မှာ ဆန်းဂရုဏာ နာရေးကူညီမှု အသင်းရုံးကို ဒီကနေ့ နေ့လည် တနာရီမှာ စတင် ဖွင့်လှစ်လိုက်ကြောင်း အသင်းဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ဦးဇော်ဝင်းက အာအက်ဖ်အေကို ပြောပါတယ်။

“လူကြီးတွေက ကွန်ယက်ကလေးတွေဖွဲ့ပါ ဆိုတော့ ရန်ကုန်တိုင်း တတိုင်းလုံးအနေနဲ့ ကျနော်တို့ နာရေး ကူညီမှုအသင်း ဖွဲ့တယ်။ ကျနော်တို့တိုင်းပြည်မှာ ဆင်းရဲတဲ့လူက အင်အား အရမ်းများနေပါတယ်။ ဒီဆင်းရဲသားတွေဟာ စားဝတ်နေရေးအတွက် ဒုက္ခများနေရတဲ့ ကြားထဲမှာ နာရေးဖြစ်လာရင် သူတို့မှာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ သောကတွေ အရမ်း ကြီးထွားနေပါတယ်။ ကိုကျော်သူ တယောက်အနေနဲ့ ဆိုတော့လည်း ကိုကျော်သူလည်း နိုင်သမျှ လုပ်တယ်။ ကျနော်တို့က ငါတို့လည်း ဝိုင်းဝန်းပြီး လုပ်ပေးအုံးမှပဲ ဆိုတဲ့ အသိစိတ်ကလေးနဲ့ ရန်ကုန် တတိုင်းလုံးမှာ ရှိတဲ့ ဝါသနာရှင်တွေ စေတနာရှင်တွေ စုပေါင်းပြီး ဆန်းဂရုဏာ နာရေးကူညီမှုအသင်းလို့ နာမည်ပေးပြီးတော့ ဒီကနေ့ စဖွင့်တာပါ”

အသင်း ဖွဲ့စည်းဖို့အတွက် ပြည်ထဲရေး ဝန်ကြီးဌာန၊ ရန်ကုန်တိုင်း တိုင်းမှူး၊ ရန်ကုန် အရှေ့ပိုင်းခရိုင်၊ မြို့နယ် မယက၊ ရယကရုံး စတဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အခုလ ဖေဖော်ဝါရီလ ၁ ရက်နေ့ ကတည်းက တရားဝင် စာနဲ့ အကြောင်းကြား အသိပေးပြီးမှ အခုလို ဖွင့်လှစ်ခဲ့တာလို့ သိရပါတယ်။

ဒီအသင်းကို လူမှုရေးကူညီမှုလုပ်ငန်း စိတ်ဝင်စားကြသူတွေ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အဖွဲ့ဝင်တချို့နဲ့ စိတ်ဝင်စားသူ အလှူရှင်တွေ စုစုပေါင်း အဖွဲ့ဝင် ၃ဝ နဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပြီး အဖွဲ့ဝင်တွေရဲ့ ထည့်ဝင်ငွေနဲ့ ကူညီမှု လုပ်ငန်းတွေကို ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဦးဇော်ဝင်းက ဆက်ပြောပါတယ်။

“ဥက္ကဋ္ဌ အနေနဲ့ ကျနော် သင်္ကန်းကျွန်းမြို့နယ် ဦးဇော်ဝင်းက ဆောင်ရွက်ပြီးတော့ ဒု-ဥက္ကဋ္ဌ အနေနဲ့ သာကေတ မြို့နယ်က ဒေါ်မီ ဆိုတာ အမျိုးသမီးအဖွဲ့ရဲ့ ခေါင်းဆောင်ပါ။ ဦးသန်းလှိုင် ဆိုတာ အတွင်းရေးမှူး သာကေတ မြို့နယ်ကပါ။ အသင်းသားတွေ တလကို သုံးထောင်စီ ထည့်ဝင်ကြပါတယ်။ နာရေးရှင်တွေက ကျနော်တို့ကို ဖိတ်ခေါ်လာပြီး အကူအညီတောင်းလာရင် ကျနော်တို့က နာရေးအိမ်တွေကို သွားပြီး အလှူငွေ တသောင်း ကူညီပြီးတဲ့အပြင် နာရေးကိစ္စကို သင်္ချိုင်းရောက်တဲ့အထိ ကူညီပံ့ပိုးဖို့ ဆိုပြီး ဆုံးဖြတ်ချက်တွေ ချထားပါတယ်”

ဆန်း ဂရုဏာ နာရေးကူညီမှုအသင်း အနေနဲ့ စမ်းချောင်း၊ လှိုင်သာယာ၊ ကြည်မြင်တိုင်၊ သာကေတ၊ မရမ်းကုန်း၊ မြောက်ဥက္ကလာပ၊ သုံးခွ၊ လှိုင်၊ သန်လျှင်၊ သင်္ကန်းကျွန်း စတဲ့မြို့နယ်တွေမှာ ကော်မတီအဖွဲ့ဝင်တွေ ခွဲထားသလို ကော်မတီဝင်တွေက တဆင့် နာရေးကူညီရေးအတွက် အသင်းရုံးကို အကြောင်းကြားလာရင် အသင်းအနေနဲ့ အမြန်ဆုံး ကူညီဆောင်ရွက်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ဒီကနေ့ စတင် ဖွဲ့စည်းဖွင့်လှစ်ခဲ့တဲ့ ဆန်းဂရုဏာ နာရေး ကူညီမှုအသင်းကို ဘယ်သူမဆို အဖွဲ့ဝင်အဖြစ် ပူးပေါင်း ပါဝင်နိုင်ကြသလို အလှူငွေလည်း တတ်နိုင်သမျှ ပါဝင်ကူညီနိုင်ကြောင်း ဦးဇော်ဝင်းက ပြောပါတယ်။

ဒီ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးဇော်ဝင်းဟာ အလုပ်သမား လယ်သမားသမဂ္ဂ ဖြစ်မြောက်ရေး ကြိုးပမ်းသူများ အဖွဲ့မှာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်နေသူ တဦးလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-02-05 23:11

ဝတ်ရေးထက်စားရေးကခက်၏
စားရေးထက် နေရေးထိုင်ရေးကခက်၏
နေရေးထက်သေရေးကခက်၏
သေရေးထက် သဂြိုဟ်စရိတ်ကခက်၏
သဂြို်ဟ်စရိတ်ထက် နာရေးအတွက်ကုူညီပေးမည်သူကသာ၍ခက်၏
အခက်ငါးပါးရှိတုန်းငြားလည်း ဆန်း ဂရုဏာ ရှိနေတာ သာဓုခေါ်စရာပါ

Anonymous
2011-02-06 09:19

ဝမ်းသာပီတိဖြစ်ရပါတယ်၊

Anonymous
2011-04-24 02:59

VERY GOOD IDEA