ANP ပါတီနဲ့ တွေ့ဆုံမှုအပေါ်မူတည်ပြီး လိုအပ်သလိုဆောင်ရွက်မယ်လို့ စစ်ကောင်စီ UEC ပြော

2022.10.07
ANP ပါတီနဲ့ တွေ့ဆုံမှုအပေါ်မူတည်ပြီး လိုအပ်သလိုဆောင်ရွက်မယ်လို့ စစ်ကောင်စီ UEC ပြော ရခိုင်အမျိုးသားပါတီ (ANP) ရုံးကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့ညက တွေ့ရစဉ်။
Photo: RFA

ရခိုင်ပြည်နယ်အတွင်းက အခြေအနေတွေနဲ့ ပတ်သက်လို့ ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ သဘောထား ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ ပါတီနဲ့တွေ့ဆုံမှုရလဒ်အပေါ် မူတည်ပြီး ရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေတွေ နဲ့ အညီ လိုအပ်သလို ဆက်လက်ဆောင်ရွက်သွား မယ်လို့ စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က အောက်တိုဘာလ ၇ ရက်နေ့ ဒီနေ့ သတင်းထောက်တွေကို ပြောပါတယ်။

ပါတီရဲ့ သဘောထားထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ ရွေးကောက်ပွဲ ကော်မရှင်က ဆင့်ခေါ်စာ ပေးပို့ထားပြီး ဒီကိစ္စအပေါ် ပါတီတွင်း ဆွေးနွေးနေတယ်လို့ ရခိုင်အမျိုးသား ပါတီ (ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောပါတယ်။

"ဒီဖိတ်ခေါ်ချက်နဲ့ ပတ်သက်လို့ ကျနော်တို့ ဆွေးနွေးနေတုန်းပါ၊ ဘာမှ မပြောလိုသေး ပါဘူး၊ အောက်တိုဘာ ၄ ရက်နေ့က အကြောင်းကြားစာ ရရှိတာတော့ မှန်ပါတယ်"

ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဆင့်ခေါ်စာအပေါ် ဘယ်လိုတုံ့ပြန်မလဲဆိုတာကိုတော့ ရခိုင်အမျိုးသားပါတီ(ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှက တိတိကျကျ မပြောပါဘူး။

ရခိုင်ပြည်နယ်မှာ တစ်ကျော့ပြန်ဖြစ်ပွားလာနေတဲ့ တိုက်ပွဲတွေကြောင့် အရပ်သားပြည်သူ တွေ ထိခိုက်သေဆုံး ဒဏ်ရာရတာ၊ ကုန်းလမ်း၊ ရေလမ်းနဲ့ ပြည်တွင်းပြည်ပ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ အကူအညီပေးမှုတွေကို ပိတ်ပင်ထားတာကြောင့် ပြည်သူတွေ ဒုက္ခ ရောက်နေကြရတဲ့အကြောင်း ရခိုင်အမျိုးသားပါတီ (ANP) က စက်တင်ဘာလ ၂၉ ရက် နေ့က သဘောထားကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့တာပါ။

ရပ်ကွက်ကျေးရွာတွေကို အကာအကွယ်ယူပြီး တိုက်ပွဲမဖော်ဖို့နဲ့ မြန်မာစစ်တပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးဒဏ်ရာရတာ၊ လူနေအိမ် တွေ ပျက်စီးရတာတွေအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချကန့်ကွက်ကြောင်းလည်း အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့တာပါ။

အဲဒီထုတ်ပြန်ချက်နဲ့ ပက်သက်လို့ ရခိုင်အမျိုးသားပါတီ (ANP) ကို စစ်ကောင်စီရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်နေ့က တွေ့ဆုံညှိနှိုင်းဖို့ ဆင့်ခေါ်စာတစ်စောင် ပေးပို့ခဲ့တာလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝတို့မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တွေအကြား ပြီးခဲ့တဲ့ ဇူလိုင်လထဲက တစ်ကျော့ပြန် တိုက်ပွဲတွေ ပြန်ဖြစ် လာတာဖြစ်ပြီး စစ်ဘေးဒုက္ခသည် တစ်သောင်းခွဲကျော် ထပ်တိုးလာတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။