ပြည်မှာ PR စနစ် ဆန့်ကျင်ဆန္ဒသူ ခေါင်းဆောင် ၅ ဦးကို ရုံးထုတ်


2014.08.20
pr-protest-305.jpg PR ခေါ် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ်ကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတစ်ခုကို မြင်ရစဉ်
Photo: RFA

ပြီးခဲ့တဲ့ သြဂုတ်လ ၄ ရက်နေ့က ပဲခူး တိုင်းဒေသကြီး ပြည်မြို့မှာ PR ခေါ် အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲစနစ်ကို ကန့်ကွက်ဆန္ဒပြခဲ့ သူတွေထဲက ဦးဆောင်သူ ၅ ဦးကို တရားမဝင် စီတန်း လှည့်လည်ခြင်းဆိုင်ရာပုဒ်မ ၁၈ နဲ့ ပြည်မြို့နယ်တရားရုံး မှာ ဒီနေ့ ရုံးတင်စစ်ဆေးပြီး ကိုယ်ပိုင်ခံဝန်နဲ့ အာမခံပေး ခဲ့ပါတယ်။

တရားစွဲခံရသူတွေရဲ့ အမှုကိုလိုက်ပါဆောင်ရွက်ပေးနေ တဲ့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က အမှုနဲ့ပတ်သက်ပြီး အခုလိုပြောပါတယ်။

"၂၄ ရက် ၆ လ ၂ဝ၁၄ နေ့တုန်းက ပြင်ဆင်ချက်အရ ဆိုရင် ခွင့်ပြုချက်တင်တဲ့အခါမှာ မငြင်းပယ်ရဘူး၊ ပေးရ မယ်၊ အဲဒါကို တခြားမခိုင်လုံတဲ့ အကြောင်းပြချက် နဲ့ ငြင်းပယ်တာက ဥပဒေပိုင်းမှာ သူတို့ဘက်က အားနည်းချက်ကို ထင်ရှားစေတဲ့အချက်ပဲ၊ ဥပဒေကြောင်းအရ ငြိမ်းစုစည်း ဥပဒေပြင်ဆင်ချက်နဲ့ မကိုက်ညီဘူး၊ ဒါကြောင့်မို့လို့ ဒါကိုကျနော်တို့က လူ့အခွင့် အရေး ကြေညာစာတမ်းပါအချက်ရယ်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းတို့ရဲ့ မိန့်ခွန်းတွေဘာတွေအရ ကျနော်တို့က ဒါကိုကိုးကားပြီးတော့ ထုချေရှင်းလင်းလျှောက်လဲမှာ ဖြစ်ပါတယ်"

PR ခေါ် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ်ကို ဦးဆောင်ကန့်ကွက်ခဲ့သူ ၅ ဦးကို ပြည်မြို့နယ်ရဲစခန်းက ဒုတိယရဲမှူး ဦးမျိုးမြင့်က တရားစွဲဆိုတာဖြစ်ပြီး တရားစွဲခံရသူတွေရဲ့ ရှေ့နေတွေအဖြစ် ပန်းတောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဌ အထက်တန်းရှေ့နေ ဒေါ်ခင်နှင်းသစ်နဲ့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်တို့က ကူညီဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။

ပြည်မြို့က PR စနစ် ဆန္ဒပြပွဲမှာ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းတွေနဲ့ ဒေသခံတွေ စုစုပေါင်း ၁၀၀ ကျော်လောက် ပါဝင်ခဲ့တာဖြစ်ပါတယ်။

PR စနစ်ကို ကန့်ကွက်တဲ့ဆန္ဒပြပွဲတွေကို ရန်ကုန်၊ တောင်ငူ၊ ရမည်းသင်းနဲ့ နတ်တလင်းမြို့တွေမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။