စစ်မှုထမ်းဥပဒေပြဋ္ဌာန်းချက် APHR ပြင်းပြင်းထန်ထန်ရှုတ်ချ
2024.02.22
စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းချက်ကို ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) က ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ပြည်သူတွေကို စစ်ကောင်စီက အကြောက်တရားနဲ့ အုပ်ချုပ်ဖို့ ရှက်စရာကောင်းတဲ့ ကြိုးပမ်းချက်လို့လည်း APHR ဘုတ်အဖွဲ့ဝင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း Kasit Piromya က ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောထားပါတယ်။
“စစ်မှုထမ်းဥပဒေဟာ မြန်မာနိုင်ငံက လူငယ်တွေအပေါ် သက်ရောက်မှုရှိမှာကို ကျွန်တော်တို့ အရမ်းစိုးရိမ်ပါတယ်။ ဒါဟာ အကြောက်တရားနဲ့ ဖိနှိပ်မှုတွေနဲ့ အုပ်ချုပ်ဖို့ စစ်အာဏာရှင်တွေရဲ့ နောက်ထပ် ရှက်စရာကောင်းတဲ့ ကြိုးပမ်းမှုပါပဲ”
စစ်ကောင်စီစခန်းတွေကို လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေက ထိုစစ်ဆင်တိုက်ခိုက်ခဲ့ရာမှာ တပ်စခန်းတွေဆုံးရှုံးတာတွေများလာတာကြောင့် စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်တာလို့လည်း APHR က ပြောထားပါတယ်။
ဒီပြဋ္ဌာန်းချက်ဟာ မြန်မာလူငယ်တွေရဲ့ အနာဂတ်ပျောက်အောင် ဆောင်ရွက်ချက်လို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်းက ဝေဖန်ပါတယ်။
“အများစုထောက်ခံထားပြီး အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့လူငယ်တွေ ဦးဆောင်တဲ့ တော်လှန်မှုကို အားလျော့အောင် ကြိုးစားတဲ့အနေနဲ့ စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းတာပါ။ ဒီပြဋ္ဌာန်းချက်ဟာ မြန်မာစစ်အစိုးရဲ့ သူရဲဘောကြောင်မှုကို ပြသနေပါတယ်။ သူတို့ဟာ တိုက်ပွဲတွေကို ကိုယ်တိုင်မတိုက်နိုင်တော့ပါဘူး”
မြန်မာလူငယ်တွေဟာ စစ်တပ်ရဲ့ တိုးမြင့်လုပ်ဆောင်လာတဲ့ အကြမ်းဖက်မှုတွေကို ရဲရဲဝံ့ဝံ့နဲ့ ရင်ဆိုင်ဖြတ်သန်းပြီး စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ဖို့ လုပ်ဆောင်နေကြောင်း APHR က ပြောထားပါတယ်။
APHR ရဲ့ ထုတ်ပြန်ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းဖို့ RFA က ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။
ဒါ့အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း မြန်လူငယ်တွေကို ဗီဇာနဲ့ ပညာရေးဆိုင်ရာ အခွင့်အလမ်းတွေပေးဖို့ကိုလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်းက တောင်းဆိုထားပါတယ်။