ထုတ်လုပ်ဆဲ မြန်မာရုပ်ရှင်ကား တောင်ကိုရီးယား ရုပ်ရှင်ဆုရရှိ
တောင်ကိုရီးယားနိုင်ငံ ဘူဆန်ရုပ်ရှင်ပွဲတော်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ်နဲ့ အာရှနိုင်ငံတွေက လက်ရှိရိုက်ကူးထုတ်လုပ်နေဆဲ ရုပ်ရှင်ဇာတ်ကားတွေကို ပေးအပ်တဲ့ Asian Project Market Busan Award ဆု ရရှိသူတွေကို မနေ့က ကြေညာခဲ့ရာမှာ အာဏာသိမ်းဆန့်ကျင်ရေး လှုပ်ရှားမှုတွေအတွက် ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ရုပ်ရှင် ထုတ်လုပ်သူ မအိမ့်နဲ့ မြန်မာ လူငယ်ဒါရိုက်တာ မောင်မောင်ဆန်းတို့ ရိုက်ကူးမယ့် ‘လော်ပန်လောင်း’ ရုပ်ရှင်ဇာတ်ကားအတွက် ရရှိသွားပါတယ်။
Asian Project Market ရဲ့ Busan Award ဆုဟာ အာရှနိုင်ငံတွေက လွတ်လပ်တဲ့ရုပ်ရှင်ထုတ်လုပ်သူတွေ ရိုက်ကူးထုတ်လုပ်နေဆဲ ရုပ်ရှင်ဇာတ်လမ်းတွေအတွက် ကူညီထောက်ပံ့တဲ့ဆုဖြစ်ပြီး၊ အခုနှစ်မှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဇာတ်ကားပေါင်း ၄၀၀ ကျော်ထဲက အမြင့်ဆုံးငွေသားဆုကို ရရှိခဲ့တာလို့ မနေ့က ဒီဆုကို လက်ခံရယူခဲ့တဲ့ ဒါရိုက်တာ မောင်မောင်ဆန်းက ပြောပါတယ်။
ဒီ Busan Award ဆုမှာ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးထုတ်လုပ်နိုင်ဖို့ အမေရိကန်ဒေါ်လာ ၁၅၀၀၀ ဆုငွေအဖြစ် ရရှိမှာဖြစ်သလို ကမ္ဘာအရပ်ရပ်က ရုပ်ရှင်ထုတ်လုပ်ဖြန့်ချိသူတွေနဲ့လည်း ဆက်သွယ်အလုပ်လုပ်ခွင့်ရမှာ ဖြစ်ပါတယ်။
လက်ရှိဇာတ်ညွှန်းရေးသားဖန်တီးမှု အဆင့်မှာပဲ ရှိသေးတဲ့ ဒီ ‘လော်ပန်လောင်း’ ဇာတ်လမ်းဟာ မြန်မာနိုင်ငံ၊ ဖားကန့်ဒေသက ရေမဆေးကျောက်ရှာဖွေသူ ဆယ်ကျော်သက်လူငယ်သုံးဦးဟာ သန်းကြွယ်သူဌေးဖြစ်ဖို့ စိတ်ကူးနဲ့ သူတို့ရှာဖွေတွေ့ရှိတဲ့ ကျောက်တစ်လုံးကို တရုတ်နိုင်ငံထဲကို သွားရောက်ရောင်းချဖို့ ကြိုးစားတဲ့အကြောင်း ဇာတ်လမ်းဖြစ်ပါတယ်။
ထောင်ဒဏ်ကျခံနေရတဲ့ ထုတ်လုပ်သူ မအိမ့်နဲ့အတူ စီစဉ်ဖန်တီးခဲ့တဲ့ ဒီ ‘လော်ပန်လောင်း’ ဇာတ်လမ်းကို အကောင်အထည်ဖော် ရိုက်ကူးနိုင်ဖို့ အခွင့်အရေးရလာတာဟာ မအိမ့်အတွက်လည်း ခွန်အားဖြစ်စေသလို သူလွတ်မြောက်ဖို့အတွက်လည်း အထောက်အကူ ဖြစ်စေမယ်လို့ မျှော်လင့်တဲ့အကြောင်း ဒါရိုက်တာ မောင်မောင်ဆန်းက ပြောပါတယ်။
ဒီဇာတ်ကားအတွက် ထုတ်လုပ်သူတစ်ဦးဖြစ်တဲ့ မအိမ့်ဟာ ပြီးခဲ့တဲ့ ဧပြီလက အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှုတွေအတွက် ဖမ်းဆီးခံရပြီး ထောင်ဒဏ်သုံးနှစ် ချမှတ်ခံထားရတာ ဖြစ်ပါတယ်။
အခုနှစ်မှာ ကျင်းပခဲ့တဲ့ ကိန်းရုပ်ရှင်ပွဲတော်၊ ဘာလင်ရုပ်ရှင်ပွဲတော်နဲ့ လန်ဒန်ရုပ်ရှင်ပွဲတော်တွေမှာ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ထုတ်လုပ်သူ မအိမ့် ပြန်လည်လွတ်မြောက်ဖို့အတွက် တောင်းဆိုခဲ့ကြပါတယ်။