ပြည်တွင်းမှာ ခွင့်မပြုသည့် ဦးဥတ္တမ အခမ်းအနား ချင်းမိုင်မှာကျင်းပ

မြန်မာနိုင်ငံကို အဖိနှိပ်ခံ ကျွန်ဘဝကနေ လွတ်မြောက်အောင် အကြမ်းမဖက် တိုက်ပွဲဝင်ရင်း ပျံလွန်တော်မူသွားတဲ့ ဆရာတော်ဦးဥတ္တမအတွက် အမှတ်တရ အထိမ်းအမှတ် အောက်မေ့ဖွယ် အခမ်းအနားတခုကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ စက်တင်ဘာ ၈ ရက် ဒီကနေ့ ကျင်းပခဲ့ပါတယ်။ မြန်မာနိုင်ငံ စစ်တွေမြို့မှာတော့ ခွင့်မပြုဘူးလို့ သိရပါတယ်။

2010.09.08

U_Ottama_portrait_250_z.jpg
မြန်မာ့လွတ်လပ်ရေးအတွက် အဖိနှိပ်ခံ ကျွန်ဘဝမှ လွတ်မြောက်ရေး အကြမ်းမဖက်ပဲ တိုက်ပွဲဝင်ရင်း ပျံလွန်တော်မူသွားသည့် ဆရာတော် ဦးဥတ္တမ ပုံတူဖြစ်ပါသည်။ (Photo: RFA)
(Photo: RFA)
ဆရာတော် ဦးဥတ္တမ ပျံလွန်တော်မူသွားတဲ့ ၇၁ နှစ်မြောက် အမှတ်တရ အောက်မေ့ဖွယ် အခမ်းအနားကို ချင်းမိုင်မြို့မှာ ရောက်ရှိနေတဲ့ ရခိုင်လူငယ်တွေ စုပေါင်းပြီး ကျင်းပခဲ့ကြတာပါ။

ရခိုင်အမျိုးသားဖြစ်တဲ့ ဆရာတော် ဦးဥတ္တမဟာ ၁၉၃၉ ခု စက်တင်ဘာလ ၉ ရက်နေ့မှာ ပျံလွန်တော်မူ သွားခဲ့တာ ဖြစ်ပါတယ်။ ဆရာတော်ရဲ့ ဇာတိသွေးဇာတိမာန် နိုးကြားမှု၊ သူ့ကျွန်မခံ စိတ်ဓာတ်ပြင်းထန်မှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျင်းပတာ ဖြစ်သလို ဆရာတော်ရဲ့အကြောင်း ဒီနေ့ခေတ် လူငယ်တွေ သိရှိအောင် ရည်ရွယ်ကျင်းပတာ ဖြစ်တယ်လို့ အခမ်းအနားကို ဦးဆောင်ကျင်းပခဲ့တဲ့ ကိုအောင်နိုင်စိုး က RFA ကို အခုလို ပြောပါတယ်။

“ဦးဥတ္တမဆိုလို့ရှိရင် ကျနော်တို့ ရခိုင်တမျိုးသားရယ်လို့ မဟုတ်ဘူး၊ မြန်မာတနိုင်ငံလုံးအတွက်လည်း ကျေးဇူးကြီးတဲ့ မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင်လို့ပဲ တင်စားခေါ်ကြတဲ့ ပုဂ္ဂိုလ်တပါးဖြစ်တယ်၊ အခုအချိန်မှာ အဲ့ဒီ ပုဂ္ဂိုလ်ရဲ့အခန်းကဏ္ဍက တော်တော်လေးကို မှေးမှိန်နေတယ်၊ နောက်ပြီးတော့ ဒီနေ့လက်ရှိ မျိုးဆက်သစ် လူငယ်တွေကလည်း ဦးဥတ္တမနဲ့ ပတ်သက်လို့ဆို ဘာမှတောင် မသိခဲ့တဲ့လူတွေက အများကြီး ရှိတယ်၊ အဲ့အခါ ကျကျနော်တို့က ဒါတွေကိုသိစေချင်တယ်၊ သူ့ရဲ့ ဂုဏ်ကျေးဇူးကိုလည်း ဖော်ဆောင်တဲ့အနေနဲ့ ကျနော်တို့ အဲ့ဒါ လုပ်ကြတာ။”

ဒီအခမ်းအနားကို ရခိုင်တိုင်းရင်းသား ၅၀ လောက်နဲ့ ပြည်ပမှာလာပြီး စာသင်ကြားနေကြတဲ့ ရခိုင်ပြည်နယ်က သံဃာ ၁၄ ပါးလည်း တက်ရောက်ခဲ့ကြပါတယ်။

အခမ်းအနားမှာ ဆရာတော် ဦးဥတ္တမကို ဂုဏ်ပြုတဲ့အနေနဲ့ တမိနစ် ငြိမ်သက် ဂါရဝပြုခဲ့ပြီး တက်ရောက်လာ သူတွေက ဆရာတော်နဲ့ပတ်သက်ပြီး သူတို့ရဲ့ အသိအမြင်တွေ ဖလှယ် ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြို့တော်စစ်တွေမြို့က ဆရာတော် ဦးဥတ္တမပန်းခြံ ဂါရဝပြုပွဲတခုပြုလုပ်ဖို့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) က ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ထံ ခွင့်ပြုချက် တောင်းခံခဲ့တာကို ကော်မရှင်က ပယ်ချခဲ့တယ်လို့ သိရပါတယ်။

ဒီအခမ်းအနားကျင်းပဖို့ စက်တင်ဘာလ ၂ ရက်နေ့ကတည်းက ကော်မရှင်ထံကို စာနဲ့ တင်ပြခဲ့ရာမှာ စက်တင်ဘာလ ၇ ရက် မနေ့က ဒီပန်းခြံဟာ လုံခြုံရေးအရ ကန့်သတ်တဲ့ ဧရိယာဖြစ်တာကြောင့် ခွင့်မပြု နိုင်ကြောင်း အကြောင်းပြန်ကြားခဲ့တာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာ ဦးအေးမောင်က RFA ကို အခုလို ပြောပါတယ်။

“အမှန်က ကျနော်တို့ကလည်း စည်းရုံးရေးဆင်းမှာလည်း မဟုတ်ပါဘူး၊ ဒီအတိုင်း တိတ်ဆိတ်စွာလေ ဂါရဝ ပြုပြီးခါမှ ကျနော်တို့က ဆရာတော် ဦးဥတ္တမ အောက်မေ့တသတဲ့ အနေနဲ့ ကျနော်တို့က ဒါ ဂါရဝပြုမည့် သဘောပါပဲ၊ ဒါတွေကို ခွင့်မပြုတာတော့ ကျနော်တို့ စိတ်မကောင်းဘူးပေါ့ဗျား။”

ခုလို ပိတ်ပင်လိုက်တဲ့အတွက် စစ်တွေမြို့က ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ရုံးမှာပဲ ဆရာတော်ရဲ့ ရုပ်ပုံရှေ့မှာပဲ ငြိမ်သက်စွာ ဂါရဝပြုကြဖို့ အစီအစဉ် ပြောင်းလဲလိုက်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံတွင်းမှာတော့ စစ်အစိုးရက ဆရာတော် ဦးဥတ္တမနေ့ အထိမ်းအမှတ် အခမ်းအနားတွေ ကျင်းပခွင့် ပိတ်ပင်ထားတာကြောင့် စိတ်မကောင်းဖြစ်ရကြောင်းနဲ့ ဒါကို ပြည်ပရောက်နေတဲ့ ရခိုင်အမျိုးသားတွေက ပြည်ပမှာ စီစဉ်ပြီး အမြင်တွေ ဖလှယ်နိုင်ကြတဲ့အတွက် ပီတိဖြစ်ရကြောင်း ချင်းမိုင်မြို့ရောက် ရခိုင်အမျိုးသား တဦးက ပြောပြပါတယ်။

“ဒါမျိုးတွေကို ပြည်ထဲမှာက လုပ်ခွင့်မပေးဘူးဆိုတော့ ဒီဟာမျိုးတွေ လုပ်ရတာ အများကြီးတော့ ဂုဏ်ယူမိတာ ပေါ့နော်၊ ဆရာ ဦးဥတ္တမ နဲ့ ပတ်သက်တဲ့အကြောင်းလေးတွေကို ဒီဘက်ရောက်မှ နေပြီးတော့ ကျနော်တို့ တယောက်နဲ့တယောက် မသိသူကို တယောက်နဲ့တယောက် ပြောပြရတာပေါ့နော်၊ ဥပမာ လွတ်လပ်ရေး ဘယ်လိုကြိုးပမ်းခဲ့ပုံ၊ ဗမာနိုင်ငံရေးအကြောင်းနဲ့ ပတ်သက်လို့ အဲ့ဒီတုန်းက ဘယ်လိုမျိုး လှုပ်ရှားခဲ့ပုံတွေ လွတ်လပ်ရေးအတွက် ဘယ်လိုမျိုး အံတုတယ်ဆိုတာမျိုး၊ အဲလိုမျိုးဖလှယ် ကြတာပေါ့နော်။ ဖလှယ်တော့ တယောက်နဲ့ တယောက် သိတဲ့လူက အတွေ့အကြုံတွေနဲ့ မသိတဲ့လူနဲ့ အတွေ့အကြုံတွေ ဖလှယ်ပြီးတော့ အဲ့လို အတွေ့အကြုံလေးတွေ ရကြတာပေါ့။

ဆရာတော်ဦးဥတ္တမဟာ ၁၈၇၉ ခု ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ အဖ ဦးမြ အမိ ဒေါ်အောင်ကျော်သူ တို့က စစ်တွေမြို့မှာ ဖွားမြင်ခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံအသီးသီးမှာ ရောက်ရှိနေကြတဲ့ ရခိုင်လူမျိုးတွေကလည်း စုပေါင်းပြီး ဆရာတော် ဦးဥတ္တမနေ့ အမှတ်တရ အခမ်းအနားတွေကို မနက်ဖန် စက်တင်ဘာလ ၉ ရက်မှာ ကျင်းပကြဖို့ စီစဉ်နေကြောင်းလည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။