ကမ္ဘာ့ဘဏ်ကူညီမယ့် စီမံကိန်း ကန့်ကွက်ခံရ

ကျော်လွင်ဦး
2019.11.25
karen-protest-against-road-project-622 ကရင်ပြည်နယ်မှာ မြန်မာတပ်မတော်ရဲ့ လမ်းဖောက်လုပ်မှုကို ကရင်ပြည်သူတွေ ကန့်ကွက်ဆန္ဒပြနေကြစဥ်
Photo: Karen Peace Support Network

ကယား၊ ကရင်၊ မွန်နဲ့ တနင်္သာရီ ဒေသများနဲ့  မြန်မာပြည်အရှေ့ပိုင်းမှာ အစိုးရနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းပြီး ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေး လူထုစီမံကိန်းပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ အရပ်ဖက်အဖွဲ့တွေက ပြောပါတယ်။

အမေရိကန်ဒေါ်လာသန်း ၂၀၀ ကျော် အသုံးပြုမယ့် ဒီစီမံကန်းဟာ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးအရ အပြည့်အဝ မရရှိသေးတဲ့ တိုင်းရင်းသားနယ်မြေတွေ ဖြစ်တာကြောင့် မလုပ်သင့်သေးဘူးဆိုပြီး အရပ်ဖက် လူမှုအဖွဲ့တွေက ကန့်ကွက်နေကြတာပါ။

ဒီကမ္ဘာ့ဘဏ်နဲ့ အစိုးရပြုလုပ်မယ့် စီမံကိန်းမှာ တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်တဲ့နေရာတွေ ပါဝင်သလို၊ နိုင်ငံရေးအရပြေလည်မှုမရတဲ့ အချိန်ဖြစ်တာကြောင့် စီမံကိန်းကြောင့် တိုက်ပွဲတွေပြန်ဖြစ်မှာကို စိုးရိမ်တယ်လို့ ကရင်နီလူ့အခွင့်ရေးအဖွဲ့က ကိုဗညားက ပြောပါတယ်။

တချို့ လုပ်ငန်းတွေက သတ်မှတ်နယ်မြေအရ၊ ဝင်ထွက်သွားလာမှုအခက်အခဲတွေကြုံနိုင်တယ်၊ KNU နယ်မြေမှာလည်း ထိုနည်းလည်းကောင်း သတ်မှတ်နယ်မြေအရ သေချာမရှိတဲ့အပေါ်မှာ လုပ်ငန်းစီမံကိန်းတွေ အတင်းဝင်ရောက်လုပ်ကိုင်မယ်ဆိုရင် ကျနော်တို့စိုးရိမ်တာက ပရောဂျက်တွေနဲ့အတူ စစ်ဘက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ ဝင်ရောက်သွားလာမှုတွေက ရှိနေပြီးသားရပ်နေတဲ့ ငြိမ်းချမ်းရေးကိစ္စတွေကိုပါ ပိုပြီးတော့ အဟန့်အတားဖြစ်စေနိုင်မယ် တိုက်ပွဲတွေပြန်ဖြစ်စေနိုင်မယ်ဆိုတဲ့ စိုးရိမ်လို့ကန့်ကွက်ခြင်းဖြစ်တယ်”

ဒီစီမံကိန်းပြုလုပ်ဖို့ ဒေသခံဌာနေတိုင်းရင်းသားတွေ၊ အရပ်ဖက်အဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ သဘောထား မပါဝင်ဘဲ ဗဟိုအစိုးရနဲ့ ကမ္ဘာ့ဘဏ်ကြား ညှိနှိုင်းမှုနဲ့ဆောင်ရွက်ဖို့ ပြင်ဆင်နေတာလို့ ကွန်ရက်က ဒီကနေ့ ရက်စွဲနဲ့ ထွက်ပေါ်လာတဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ကွန်ရက်ရဲ့ ထုတ်ပြန်ချက်ကို သဘောတူ လက်မှတ်ထိုးတဲ့ ပြည်တွင်းပြည်ပ အဖွဲ့အစည်း ၅ဝ ပါဝင်တယ်လို့ ဆိုပါတယ်။

ဒီစီမံကိန်းဟာ ပွင့်လင်းမြင့်သာမှုမရှိဘူးလို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်က စောသာဘိုး က ပြောပါတယ်။

ကမ္ဘာ့ဘဏ်နဲ့ပတ်သက်လို့ အရင်လုပ်ခဲ့တဲ့ CDD ပရောဂျက်ပေါ်မှာ ရီဗျူးလုပ်တာတို့ ကော့မန့်ပေးဖို့ လုပ်တာတွေရှိတယ်၊ ဒါပေမဲ့ ဒီလိုမျိုးအခြေအနေမျိုးမှာ ပရောဂျက်အသစ်ကို အကောင်ထည်ဖော်ဖို့ လုပ်ဆောင်တာက ကျနော်မြင်တာက ပွင့်လင်းမြင်သာမှုမရှိဘူးလို့ မြင်တယ်”

ကရင်ပြည်နယ်မှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ လိုအပ်နေပေမယ့် လက်ရှိငြိမ်းချမ်းရေး အခြေအနေအရ အကောင်ထည်ဖော်ဖို့ အချိန်မတန်သေးလို့လည်း KPSN ကွန်ရက်က ထောက်ပြထားပါတယ်။

ကမ္ဘာ့ဘဏ်က အကောင်ထည်ဖော်မယ့် စီမံကိန်းဟာ ဗဟိုအစိုးရဘက်က ရေးဆွဲထိန်းချုပ်ထားပြီး တစ်ပြည်ထောင် စနစ်ကို တိုင်းရင်းသားတွေအုပ်ချုပ်တဲ့နယ်မြေတွေကို တိုးချဲ့တာလို့ KPSN က ဆိုပါတယ်။

အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ကလည်း အလားတူ သုံးသပ်ပါတယ်။

အပစ်ရပ်စာချုပ်အရ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ရာမှာ နှစ်ဘက် ညှိနှိုင်းဆောင်ရွက်ဖို့ဆိုတဲ့အချက် ပါဝင်တဲ့ အတွက် တဖက်သတ်လုပ်မယ် ဆိုရင် ငြိမ်းချမ်းရေးကို အထောက်အကူဖြစ်မှာ မဟုတ်ဘဲ ပဋိပက္ခ ပိုဖြစ်သွားနိုင်တယ်လို့ KNU ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်က ပြောပါတယ်။ NCA မှာ ဒေသဖွံ့ဖြိုးရေးလုပ်တဲ့အခါ နှစ်ဦးနှစ်ဘက်ညှိနှိုင်းပြီးမှ ဆောင်ရွက်ဖို့ဆိုတာပါတယ်လေ

NCA မှာ ဒေသဖွံ့ဖြိုးရေးလုပ်တဲ့အခါ နှစ်ဦးနှစ်ဘက်ညှိနှိုင်းပြီးမှ ဆောင်ရွက်ဖို့ဆိုတာပါတယ်လေ၊ ယုံကြည်မှု တည်ဆောက်တဲ့ကာလမှာ ဒီလို့တစ်ဖက်သတ်ဆောင်ရွက်တဲ့ကိစ္စတွေက ငြိမ်းချမ်းရေးကို အထောက်အကူ မဖြစ်ဘူး၊ ယုံကြည်မှုတည်ဆောက်တာကို အထောက်အကူမပြုဘူး၊ ဒါတွေကတော့ ပြန်ပြီးသုံးသပ်ဖို့ လိုတယ်လို့ထင်တယ်၊ တိုင်းရင်းသာတွေရဲ့အသံ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ သဘောထားကို ညှိနှိုင်းမှုမရှိဘူးဆိုရင် ပဋိပက္ခကို ဖန်တီးတာနဲ့အတူတူပဲလေ”

ကမ္ဘာ့ဘဏ်တာဝန်ရှိသူတွေကတော့ ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ နားလည်မှုလွဲတာတွေ၊ စိုးရိမ်ပူပန်မှု ရှိတာတွေကို ကန့်ကွက်တဲ့သူတွေနဲ့ တွေ့ဆုံ ဖြေရှင်းသွားမယ်လို့ ပြောပါတယ်။

လတ်တလော အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘဏ်က ကြေညာချက်ထုတ်ဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဒေါက်တာ ထွန်းလွင် ကတော့ ဒီစီမံကိန်းဟာ သမ္မတရုံးနဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံးမှာ ဆွေးနွေးတဲ့အဆင့်မှာပဲ ရှိသေးတယ်လို့ ဆိုပါတယ်။

ဒီစီမံကိန်းဟာ ၂၀၁၈ ခုနှစ်ကတည်းက အကောင်အထည်ဖော်ဖို့ ပြင်ဆင်နေတာလို့ သိရပါတယ်။

ကမ္ဘာ့ဘဏ်ဟာ ၂၀၁၂ခုနှစ်ကတည်းက မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ စီးပွားရေး နဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေမှာ နှစ်ရှည် ချေးငွေတွေနဲ့ ပံ့ပိုးပေးနေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။