ရခိုင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ပုံစံတူ နှီးနှောဖလှယ်ပွဲ ကျင်းပ


2018.06.13
anscm-622.jpg ၂၀၁၈ ခုနှစ်၊ ဇွန်လ (၈) ရက်မှ (၁၂) ရက်နေ့အထိ ကျင်းပတဲ့ ရခိုင်အမျိုးသားအဆင့် မူဝါဒရေးရာ နှီးနှောဖလှယ်ပွဲ ကို တွေ့ရစဉ်
Photo: Arakan National Council-ANC - facebook

ပြည်တွင်းမှာ ရခိုင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်မရသေးတာကြောင့် ရခိုင်အမျိုးသားတွေရဲ့ ဘုံသဘောတူညီချက် ရရှိနိုင်ရေးအတွက် ရခိုင်ပြည် အမျိုးသားကောင်စီ ANC က ဦးဆောင်ပြီး နှီးနှောဖလှယ်ပွဲ တစ်ရပ်ကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ၅ ရက်ကြာ ကျင်းပခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ပြုလုပ်ခဲ့တဲ့ အဲဒီ နှီးနှောဖလှယ်ပွဲမှာ လက်ရှိငြိမ်းချမ်းရေးနဲ့ နိုင်ငံရေး အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ရခိုင်ပြည် အမျိုးသားကောင်စီ ANC ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးထွန်းဇော်က ပြောပါတယ်။

"အဓိကကတော့ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်ပေါ်မှာ အခြေပြုပြီးတော့မှ လက်ရှိနိုင်ငံရေး အခြေအနေကို သုံးသပ်တာနဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ ဖြစ်စဉ်အပေါ်မှာ ကျနော်တို့ ရခိုင်အမျိုးသားတွေက ဘယ်လိုပုံစံမျိုး ချဉ်းကပ်ကြမလဲဆိုတဲ့ နည်းနာကို ကျနော်တို့ ရှာကြတာဖြစ်ပါတယ်"

ရခိုင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ပုံစံတူ နှီးနှောဖလှယ်ပွဲမှာ ပြည်ထောင်စု မြန်မာနိုင်ငံဆိုတာ ပြည်ထောင် တွေကို စုပေါင်းထားတဲ့ သဘောကို ခေါ်ဝေါ်တာ ဖြစ်လို့ လက်ရှိ ရခိုင်ပြည်နယ်ကို ရခိုင်ပြည်ထောင်လို့ ပြောင်းလဲ ခေါ်ဝေါ်ဖို့ ညှိနှိုင်းသဘောတူခဲ့ကြတယ်လို့ ပြောပါတယ်။

ဒါ့အပြင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ သယံဇာတ၊ မြေယာနဲ့ သဘာဝပတ်ဝန်းကျင် ကိစ္စရပ်တွေကို ဆွေးနွေး ခဲ့ပြီး မူဝါဒမူကြမ်းတွေ ရရှိထားကြောင်းနဲ့ အချောသတ်နိုင်ရေးအတွက် အလုပ်အဖွဲ့တွေ ဖွဲ့စည်း ဆောင်ရွက်သွား မှာဖြစ်တယ်လို့ ပြောပါတယ်။

နှီးနှောဖလှယ်ပွဲကို လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP၊ ရခိုင်ပြည် အမျိုးသား ကောင်စီ ANC အပါအဝင် ရခိုင်အမျိုးသားပါတီ ANP ၊ ရခိုင်မျိုးချစ်ပါတီ နဲ့ မြို၊ ခမီ၊ ဒိုင်းနက် အစရှိတဲ့ နိုင်ငံရေး ပါတီတွေ တက်ရောက်ခဲ့ကြပါတယ်။

ရက္ခိုင့်တပ်မတော် AA နဲ့ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ALD တို့ တက်ရောက်တာမရှိကြောင်းနဲ့ နောက်တစ်ကြိမ် ဆွေးနွေးပွဲတွေမှာ ပါဝင်လာနိုင်ဖို့ ဖိတ်ခေါ်သွားမှာ ဖြစ်တယ်လို့ ဦးထွန်းဇော် က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။