အပစ်ရပ်စာချုပ် မချုပ်ဆိုရသေးတဲ့ လက်နက်ကိုင် (၇) ဖွဲ့ ဆွေးနွေး


2016.03.26
tnla-620.jpg TNLA တပ်မဟာ၂ ဒေသအတွင်းက တပ်သားတချို့ကို တွေ့ရစဉ်
Photo: Kan Thar/ RFA

အစိုးရသစ်လက်ထက်မှာ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးကိစ္စတွေ အကောင်အထည်ဖော်ဖို့ အတွက် 'ဝ' ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်နယ်မြေ ပန်ဆန်းမြို့မှာ အပစ်ရပ်စာချုပ် လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် (၇ ) ဖွဲ့တို့ ဆွေးနွေးပွဲပြုလုပ်နေပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော် RCSS/SSA နဲ့ တအာင်းအမျိုးသား လွှတ်မြောက်ရေး တပ်မတော် TNLA အဖွဲှတို့အကြား တိုက်ပွဲတွေရပ်တန့်နိုင်ဖို့အတွက် ဒီနေ့ စတင်ဆွေးနွေးကြတယ်လို့ အစည်းအဝေးတက်ရောက်နေတဲ့ TNLA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောပါတယ်။

"ယျေဘုယျတော့ ကျနော်တို့ အခုတက်လာတဲ့အစိုးရသစ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအနေနဲ့ ငြိမ်းချမ်းရေးကိစ္စ၊ အပစ်အခတ်ရပ်စဲရေးကိစ္စတွေ ဘယ်လိုလုပ်ကြရင်ကောင်းမလဲ ကျနော်တို့ တိုင်ပင်တွေးနွေးညှိနှိုင်းကြတာ အဓိကပါပဲခင်ဗျ၊ နောက်တစ်ချက်ကတော့ ကျနော်တို့ ရှမ်းပြည်မြောက်ပိုင်းဘက်မှာ တအာန်းပလောင် TNLA အဖွဲ့နဲ့ RCSS အဖွဲ့ တိုက်ပွဲဖြစ်နေတဲ့ဟာတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေ ရှောင်လွှဲနိုင်အောင် ဘယ်လိုဖြေရှင်းကြမလဲ ဒါတွေဆွေးနွေးကြမယ်"

ဆွေးနွေးပွဲ ဘယ်နှစ်ရက်ကြာ ကျင်းပမလဲဆိုတာတော့ မသိရသေးဘူးလို့လည်း ပြောပါတယ်။

အဲ့ဒီဆွေးနွေးပွဲကို အပစ်ရပ်စာချုပ်မှာ လက်မှတ်မထိုးရသေးတဲ့ မြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဖြစ်ကြတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် မိုင်းလားတပ်ဖွဲ့ NDAA ၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် ကိုးကန့်တပ်ဖွဲ့ MNDAA၊ တအာင်းပလောင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ရက္ခိုင့်တပ်မတော်  AA တို့ တက်ရောက်ကြပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလက 'ဝ' ဒေသ ပန်ဆန်းမြို့မှာ ကျင်းပခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ညီလာခံမှာ ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်တွေဖြစ်တဲ့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP ၊ မွန်ပြည်သစ်ပါတီ စတဲ့အဖွဲ့တွေကို ဖိတ်ကြားခဲ့ပေမယ့် ဒီတစ်ကြိမ်ဆွေးနွေး ပွဲမှာ မဖိတ်ကြားဘူးလို့ ပြောပါတယ်။

အဲ့ဒီအစည်းအဝေးပွဲကို တက်ရောက်နေတဲ့ TNLA အဖွဲ့က ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်ကို RFA သတင်းထောက် ကိုသီဟထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။