ကလေးစစ်သားတစ်ထောင်နီးပါး ပြန်အပ်ပြီး၊ အရာရှိ ၉၆ ဦး စစ်သည် ၃၅ဝ ကျော်အရေးယူခဲ့
2019.04.01
အသက် ၁၈ နှစ် မပြည့်သေးဘဲ တပ်မတော်သားအဖြစ် စုဆောင်းခံရသူ ၃၂ ဦးကို မနေ့က နုတ်ထွက်ခွင့်ပေးလိုက်ပြီး ၂၀၁၂ ခုနှစ်ကနေ ဒီနေ့အထိ စုစုပေါင်း ကလေးစစ်သား ၁ ထောင်နီးပါးကို တပ်မတော်က စိစစ် နုတ်ထွက်ခွင့်ပေးထားပြီးဖြစ်ကြောင်း တပ်မတော်နဲ့ ယူနီဆက်အဖွဲ့က အသီးသီး ထုတ်ပြန်လိုက်ပါတယ်။
အရွယ်မရောက်သေးတဲ့ ကလေးစစ်သားတွေ တပ်မတော်ထဲမှာ လုံးဝမကျန်တော့တဲ့အထိ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ ကလေးစစ်သားအဖြစ် စုဆောင်းရာမှာ တာဝန်ရှိသူ အရာရှိ ၉၆ ဦးနဲ့ စစ်သည် ၃၅၂ ဦးကို စစ်စည်းကမ်းနဲ့အညီ အရေးယူဆောင်ရွက်ခဲ့ကြောင်း တပ်မတော်က မနေ့က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
အခုလို နုတ်ထွက်ခွင့်ပေးနေတာဟာ အစိုးရအနေနဲ့ ကလေးစစ်သားစုဆောင်းမှုကို တားဆီးရပ်တန့်နိုင်ရေးအတွက် အားရဖွယ် ခြေလှမ်းတစ်ခုဖြစ်ကြောင်း ယူနီဆက်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်နဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးတို့က မနေ့က နုတ်ထွက်ခွင့်ပေးတဲ့ အခမ်းအနားမှာ ပြောလိုက်ပါတယ်။
ကလေး စစ်သားအဖြစ် စုဆောင်းခံရပြီးနောက် နုတ်ထွက်ခွင့်ရရှိသူတွေကို နိုင်ငံသား စိစစ်ရေးကတ်ပြားတွေလည်း ထုတ်ပေးခဲ့ပြီး မိဘအုပ်ထိန်းသူတွေထံကို ရန်ကုန်မြို့ စစ်ကြောရေးနဲ့ တည်းခိုရေးစခန်းမှာ မနေ့က လွှဲပြောင်းပေးအပ်လိုက်တာဖြစ်ပါတယ်။
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ စာရင်းတွေထဲမှာ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ဝ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ ရှမ်းပြည်နယ် တပ်ဖွဲ့ တောင်ပိုင်း (SSA-S)၊ ကရင်နီတပ်ဖွဲ့ (KA)၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့ (KNLA)နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ ငြိမ်းချမ်းရေးကောင်စီ (KNLA-PC) တပ်ဖွဲ့တွေဟာ ကလေးစစ်သားတွေ စုဆောင်းအသုံးပြုနေကြောင်း ယူနီဆက်အဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။
ကလေးသူငယ်တွေကို တပ်မတော်သားအဖြစ် စုဆောင်းနေတဲ့ မသင်္ကာဖွယ်ကိစ္စတွေ တွေ့ရတယ်ဆိုရင် ယူနီဆက်နဲ့ World Vision တို့ကို သတင်းပေးပို့ တိုင်ကြားနိုင်ကြောင်းလည်း တိုက်တွန်းထားပါတယ်။
အရွယ်မရောက်သေးတဲ့ ကလေးစစ်သားတွေ ပပျောက်ရေးအတွက် မြန်မာနိုင်ငံ စောင့်ကြည် လေ့လာရေးနဲ့ အစီရင်ခံစာ တင်ပြရေးလုပ်ငန်းအဖွဲ့ UNCTFMR အဖွဲ့နဲ့ တပ်မတော်တို့ဟာ ၂၀၁၂ခုနှစ်ကတည်းက လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဒီကလေးစစ်သား ပပျောက်ရေးဆောင်ရွက်ခဲ့တဲ့ ၂၀၁၂ခုနှစ်ကနေ ၂၀၁၉ခုနှစ်အထိ မိဘတွေဆီကို ကလေးစစ်သား တစ်ထောင်နီးပါးကို ၁၆ ကြိမ် လွှဲပြောင်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
လက်ရှိအချိန်မှာ အသက်မပြည့်သေးသူတွေကို ကလေးစစ်သားအဖြစ် စုဆောင်းတာတွေ မရှိတော့ဘူးလို့ တပ်မတော်သတင်းမှန်ပြန်ကြားအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။
အရင်က အသက် ၁၈ နှစ် မပြည့်ခင် တပ်ထဲရောက်လာပြီး အခုချိန်မှာ နုတ်ထွက်ခွင့်တောင်းသူတွေကို စီစစ်လွှတ်ပေးနေတာလို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောပါတယ်။
"လွန်ခဲ့တဲ့ နှစ်နှစ် သုံးနှစ်ကတည်းက ဝင်ခဲ့တာတွေရှိတာပေါ ၁၈ နှစ်တော့ ပြည့်ပြီးသွားပြီ အသက်၂၀ ၂၀ကျော်တွေဖြစ်ကုန်ပီ။ သ့ိုသော် ဆန္ဒအလျောက် အရင်တုန်းကဝင်ခဲ့တာ ၁၈နှစ် မပြည့်သေးဘူး ဆန္ဒအလျောက် နုတ်ထွက်ချင်တယ် သက်ဆိုင်ရာတွေကလည်း ပြောတယ် ကျွန်တော်တို့ရဲ့ စီစစ်ချက်အရမှန်တယ်ဆိုရင် နုတ်ထွက်ခွင့်ပေးနေတာဖြစ်တယ် နောက်ပိုင်း ကျန်သူတွေက အဲလိုလူတွေများနေတာ ဖြစ်တယ်ဗျ"
လက်ရှိတပ်မတော်က စစ်သားစုဆောင်းရာမှာ အထောက်အထားအပြင် ဆေးပညာအရ စစ်ဆေးတာ စတဲ့အဆင့် ၅ဆင့်ထားပြီးမှ တပ်သားစုဆောင်းတာတွေ ပြုလုပ်နေတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ပြောပြချက်အရ သိရပါတယ်။ အရွယ်မရောက်သေးတဲ့ ကလေးစစ်သားတွေ တပ်မတော်ထဲမှာ လုံးဝမကျန်တော့တဲ့အထိ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း မနေ့က တပ်မတော်ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အသက် ၁၈ နှစ်မပြည့်သူတွေကို တပ်သားအဖြစ် စုဆောင်းရာမှာ တာဝန်ရှိတဲ့ အရာရှိ ၉၆ ဦးနဲ့ စစ်သည် ၃၅၂ ဦးကို စစ်စည်းကမ်းနဲ့အညီ အရေးယူဆောင်ရွက်ခဲ့ကြောင်းလည်း အဲဒီထုတ်ပြန်ချက်အရ သိရပါတယ်။
လက်ရှိမှာ ကလေးစစ်သားလျော့နည်းလာတာကို လက်ခံပေမယ့် ခုချိန်ထိ ပြန်လွှတ်ပေးနေရတာဟာ ကလေးစစ်သားရှိနေသေးတယ်ဆိုတဲ့သဘော ဖြစ်နေတယ်လို့ လူ့အခွင့်ရေးကာကွယ်မြှင့်တင့်သူများအဖွဲ့က ဦးမောင်မောင်လေးက ပြောပါတယ်။
"ကလေးစစ်သားတွေ လျော့နည်းလာတယ်ဆိုတာ လက်ခံပါတယ် သေချာတာက လုံးဝပပျောက်သွားတယ်ဆိုတာ မရှိဘူးလေ။ ၂၀၁၂ခုနှစ်ကနေ ပပျောက်ရေးဆောင်ရွက်တယ်ဆိုပြီး ၂၀၁၉ ထိက နှစ်တိုင်းနှစ်တိုင်းမှာ ကလေးစစ်သားတွေ လွှတ်လွှတ်ပေးနေတယ်ဆိုတာက မြန်မာပြည်မှာ ကလေးစစ်သားတွေရှိသေးတယ်။ တကယ် ပပျောက်အောင်မလုပ်နိုင်သေးဘူးဆိုတာကို ဖော်ပြတာဘဲလေ"
တပ်မတော်ကို လူတိုင်းဝင်ချင်တဲ့ တပ်မတော်မျိုး တည်ဆောက်ဖို့လိုပြီး ပြည်တွင်းစစ်တွေ မရှိမှသာ ကလေးစစ်သားပပျောက်ရေးဟာ အောင်မြင်နိုင်မယ်လို့လည်း ဦးမောင်မောင်လေးက ပြောပါတယ်။
"ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီ လားရှိုးမြို့ ဆက်ဆံရေးတာဝန်ခံ ဦးညီရမ်း ကတော့ "ဝ"အဖွဲ့မှာ ကလေးစစ်သားမရှိဘူးလို့ ငြင်းဆိုပါတယ်။
"ဒီကိစ္စကတော့ သူတို့က ပြောနေကြဘဲလေ ကျွန်တော်တို့မှာမရှိပါဘူး ရှိနေတဲ့ ကျွန်တော်တို့ ယူနီဖောင်းဝတ်နေတဲ့ ကလေးတွေကဆိုတာက မိဘမဲ့ကလေးတွေလေ ကျောင်းတတ်ဖို့ ခက်ခဲနေတဲ့ကလေးတွေကို ကျွန်တော်တို့ကခေါ်ယူပြီး ပညာသင်ပေးတယ် ကျောင်းပညာတွေ၊ အားကစားနည်းမျိုးစုံ သင်ပေးတယ် ကလေးစစ်သားမရှိပါဘူး"
ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းငင်းကလည်း သူတို့အဖွ့ဲမှာ ကလေးစစ်သားမရှိကြောင်းနဲ့ ဒီလိုစွပ်စွဲချက်အရ ပြန်လည်စီစစ်ပြီး တုန့်ပြန်သွားမယ်လို့ RFA ကိုပြောပါတယ်။
"အသက်၁၈နှစ်ကနေ ၄၅နှစ်အတွင်းမှ ကျွန်တော်တို့က တပ်ဖွဲ့ဝင်အဖြစ် လက်ခံတာ အသက် ၁၈နှစ် အောက်ဆို ကျွန်တော်တို့လက်မခံဘူး အဲကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ဘက်ကလည်း သေသေချာချာပြန်စီစစ်မယ် ပြန်သုံးသပ်မယ် ပြီးမှဘဲ သီးသန့်ပေါ့ UNကထုတ်တဲ့အပေါ်မှာ တစ်မျိုးမျိုးနဲ့ တုံ့ပြန်သွားပါမယ်"
RFA က ယူနီဆက် ထုတ်ပြန်ချက်မှာ စွပ်စွဲထားတဲ့ ကျန်တဲ့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တချို့ကိုလည်း ဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။
ကလေးသူငယ်တွေကို တပ်မတော်သားအဖြစ် စုဆောင်းနေတဲ့ မသင်္ကာဖွယ်ကိစ္စတွေ တွေ့ရှိတယ်ဆိုရင် ယူနီဆက်နဲ့ World Vision တို့ကို သတင်းပေးပို့တိုင်ကြားနိုင်တယ်လို့ ယူနီဆက်က ထုတ်ပြန်ထားပါတယ်ခင်ဗျာ။
RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့လိုက်တာပါ။