ကံမရွာခံ ၆၀ ဝန်းကျင် ဓားစာခံအဖြစ် ဖမ်းဆီးခံထားရ
2023.05.27

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ကံမရွာကို စစ်ကောင်စီ တပ်က မီးရှို့ပြီး ပြည်သူ ၆၀ ဝန်းကျင်ကို ဓားစာခံ အဖြစ် ဖမ်းဆီးထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကံမရွာ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
မေလ ၂၇ ရက်နေ့ မနက်ပိုင်းက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ တိုက်ပွဲမရှိဘဲ စစ်ကြောင်းထိုးဝင်ရောက်လာကာ အဲဒီညနေပိုင်းကနေစပြီး ရွာကို မီးရှို့ဖျက်ဆီးနေတာလို့ အဲဒီဒေသခံက ပြောပါတယ်။
ဒေသခံ ၆၀ လောက်ကို ၂၇ ရက်နေ့ မနက်ကတည်းက ဓားစာခံအဖြစ်ဖမ်းဆီးထားတယ်လို့ဆိုပေမဲ့ အခြေအနေအသေးစိတ်ကို မသိရသေးဘူးလို့ ဆိုပါတယ်။
အဲဒီစစ်ကြောင်းမှာ တပ်ဖွဲ့ဝင်အင်အား ၆၀ နဲ့ ၈၀ ကြားရှိတယ်လို့လည်း ပြောပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က ဖုန်းခေါ်ပေမယ့် ဖုန်းလက်ခံ ဖြေကြားတာမရှိပါဘူး။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်ဆန့်ကျင်တော်လှန်သူတွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေအကြား ဓားစာခံအဖြစ် ဒေသခံတွေ မကြာခဏ ဖမ်းဆီးခံရတာတွေရှိနေပါတယ်။
လွတ်လပ်တဲ့ သုတေသန အဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၈ အထိ မြန်မာနိုင်ငံအနှံ့ နေအိမ်ပေါင်း ခြောက်သောင်းကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး စစ်ကိုင်းတိုင်းက ၄၈၀၀ နီးပါးနဲ့ အများဆုံး ဖြစ်ပါတယ်။