ညောင်ဦးမှာ စစ်မှုထမ်းဖို့ လူငယ်နှစ်ဆယ်ခန့် ဖမ်းဆီးခံရ
2025.03.13
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့မင်းမေးရွာက နာရေးအိမ်မှာ ကူညီလုပ်ဆောင်နေတဲ့ လူငယ် နှစ်ဆယ်ခန့်ကို စစ်ကောင်စီတပ်က မတ်လ ၁၀ ရက်နေ့မှာ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ရွာထဲကလူငယ်တွေစုပြီး ရုပ်အလောင်းသယ်ယူဖို့ သွားရောက်စဉ် လမ်းခုလတ်မှာ ဖမ်းဆီးခံရတာလို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"ရန်ကုန်က ပြန်သယ်လာတဲ့ ရုပ်အလောင်းကို ရွာကလူတွေက သွားကြိုတဲ့အချိန် ဖမ်းဆီးခံရတာပါ။ ငွေပေးတဲ့ လူအချို့ကို ပြန်လွှတ်ပေးပါတယ်။ အခု စစ်တပ်က ည အချိန်မတော် အပြင်ထွက်တဲ့လူတွေကို အကုန်ဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းတာတွေ ရှိပါတယ်"
ဖမ်းဆီးခံရသူတွေထဲက ခြောက်ဦးကို ငွေကြေးနဲ့ ရွေးယူတာကြောင့် မတ်လ ၁၁ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ပေမဲ့ ကျန်နေတဲ့ လူငယ်တွေရဲ့ လတ်တလောအခြေအနေကို မသိရသေးဘူးလို့ သူက ပြောပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။
မတ်လဆန်းကလည်း ညောင်ဦးမြို့နယ်၊ မြင်းကပါရွာက လူငယ်ငါးဆယ်ခန့်ကို စစ်ကောင်စီ အာဏာပိုင်တွေက စစ်မှုထမ်းဖို့ စာရင်းပါဝင်တဲ့အကြောင်း ရေးသားထားတဲ့အကြောင်းစာတွေ ပို့ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ်လ ပထမပတ်အတွင်း မြင်းကပါရွာ၊ တောင်ဘီရွာ၊ သီရိမင်္ဂလာရပ်ကွက်၊ အောင်ဇေယျရပ်ကွက်နဲ့ မင်္ဂလာသာစည်ရပ်ကွက်တွေထဲက လူငယ် နှစ်ဆယ်ထက်မနည်း စစ်မှုထမ်းဖို့ ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီနဲ့ နီးစပ်သူတွေကနေ ရရှိတဲ့စာရင်းတွေအရ ညောင်မြို့နယ်တစ်ခုလုံးမှာ စစ်မှုထမ်းဖို့ အသက်အရွယ်ပြည့်မီသူ လူငယ် ခုနစ်ရာကျော်ရှိတဲ့အကြောင်း ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) က ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပြီး စာရင်းမှာပါတဲ့လူငယ်တွေ သတိပြုနေထိုင်ကြဖို့ ပြောဆိုထားပါတယ်။