မြန်မာစစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းအမြန်ဆုံးထုတ်ဖို့ တရားသူကြီးတွေကို SAC-M တောင်းဆို

RFA Burmese
2024.11.30
မြန်မာစစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းအမြန်ဆုံးထုတ်ဖို့ တရားသူကြီးတွေကို SAC-M တောင်းဆို ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့က နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့ ICJ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ရိုဟင်ဂျာအရေး ကြားနာနေချိန် တရားရုံးအပြင်ဘက်က ဆန္ဒပြနေကြသူများအားတွေ့ရစဉ်။
Reuters

မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) ရှေ့နေရဲ့ လျှောက်ထားချက်ကို မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ကြိုဆိုလိုက်ပြီး ICC တရားရုံး တရားသူကြီးတွေအနေနဲ့ အမြန်ဆုံး ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုလိုက်ပါတယ်။

ဒီဖမ်းဝရမ်းဟာ ရိုဟင်ဂျာတွေအပေါ်ကျူးလွန်တဲ့ လူသားမျိုးနွယ်ဆိုင်ရာ ရာဇဝတ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အသင့်တော်ဆုံးနဲ့ အကြိုဆိုသင့်ဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ICC ရှေ့နေဖော်ပြထားတဲ့ မြန်မာစစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေက အဆင့်မြင့်အရာရှိတွေအတွက် နောက်ဆက်တွဲ ဖမ်းဝရမ်းကိုလည်း အချိန်ကြန့်ကြာမနေဘဲ အမြန်ဆုံးတရားစွဲဆိုနိုင်ဖို့ SAC-M က တောင်းဆိုလိုက်ပါတယ်။

ရိုဟင်ဂျာတွေအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွေက် မြန်မာစစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေချုပ် ကာရင်ခန်း (Karim Khan) က ICC ကို နိုဝင်ဘာလ ၂၇ ရက်နေ့က တင်ပြလျှောက်ထားခဲ့တာပါ။

ဒါဟာ မြန်မာစစ်တပ် အဆင့်မြင့်အရာရှိတစ်ဦးကို ဖမ်းဝရမ်းထုတ်ဖို့ ပထမဆုံးလျှောက်ထားတာဖြစ်ပြီး နောက်ဆက်တွဲတွေ ဖြစ်လာပါဦးမယ်လို့ ကာရင်ခန်းက ပြောခဲ့ပါတယ်။

ကျူးလွန်သူတွေ အရေးယူမခံရဘဲ လွတ်မြောက်နေတာကြောင့် တစ်နိုင်ငံလုံးမှာ အကြမ်းဖက်ခံနေရသူတွေ တရားမျှတမှု မရနိုင်ဖြစ်နေချိန်မှာ ဒီလို ဖမ်းဝရမ်းထုတ်ဖို့ ကြိုးပမ်းမှုဟာ ကျူးလွန်သူတွေကို အရေးယူနိုင်ဖို့ ခြေလှမ်းပိုနီးကပ်သွားတာ ဖြစ်တယ်လို့ SAC-M ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။