စဉ့်ကိုင်က လူငယ် ၁၂ ဦး လူသတ်မှုစွပ်စွဲချက်နဲ့ ဖမ်းဆီးခံရ

RFA Burmese
2023.06.20
စဉ့်ကိုင်က လူငယ် ၁၂ ဦး လူသတ်မှုစွပ်စွဲချက်နဲ့ ဖမ်းဆီးခံရ မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့အဝင်ကို တွေ့ရစဉ်။
Kantabon via wikipedia

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်က ဒေသခံလူငယ်အမျိုးသား ၁၂ ဦးကို လူသတ်မှုမှာ ပါတယ်လို့ စွပ်စွဲပြီး ဇွန်လ ၁၇ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

အဲဒီလူငယ်တွေဟာ သရက်ခြံအလုပ်သမားတွေဖြစ်ပြီး အသက် ၁၂ နှစ်ကနေ ၂၄ နှစ် အရွယ်တွေဖြစ်တယ်လို့ ဆိုပါတယ်။

ကိုမျိုးကိုကို၊ ကိုကျော်စွာဝင်း၊ ကိုဝေဖြိုးအောင်၊ ကိုမင်းထွန်းဇော်နဲ့ ကိုအေးမင်းထွန်း အပါအ၀င် လူငယ် ၁၂ ဦးကို ကားသုံးစီး၊ စစ်ကောင်စီတပ်သား ၄၀ နီးပါးနဲ့ လာရောက် ဖမ်းဆီးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စဉ့်ကိုင်မြို့ခံ အမျိုးသား တစ်ဦးက RFA ကိုပြောပါတယ်။

"ဖမ်းသွားတဲ့ ၁၂ ဦးကို တစ်နေရာတည်းမှာ ဖမ်းတာမဟုတ်ဘူး၊ သရက်ခြံနှစ်ခြံကို ကားသုံးစီးနဲ့ဝင်စီးပြီး ဖမ်းတာ။ သရက်ခြံဆိုတာ စိန်တစ်လုံးခြံတွေပေါ့ဗျာ၊ သူတို့က အပြင်တောင်ထွက်ပြီး လက်ဖက်ရည်ဆိုင်ထိုင်တဲ့သူတွေမဟုတ်ဘူး။ ခြံထဲမှာပဲ နေကြတာ၊ အခုက နန်းတွင်းစစ်ကြောရေးရောက်နေတယ်လည်း ကြားတယ်။ စဉ့်ကိုင်ရဲစခန်းမှာ စစ်ကြောရေးခံနေရတယ်လည်း ကြားပါတယ်"

ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေက ဇွန်လ ၁၈ ရက်နေ့မှာ စဉ့်ကိုင်မြို့နယ် မြို့မရဲစခန်းကို အကျိုးအကြောင်း သွားရောက်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ခဲ့ဘူးလို့ ဆိုပါတယ်။

လူငယ် ၁၂ ဦးကို မြစ်ငယ်မီးရထားစက်ရုံရဲ့ ဆေးရုံအုပ် ဒေါက်တာ တင်ချိုချို ပစ်သတ်ခံရမှုမှာပါတယ်လို့စွပ်စွဲပြီး ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီပြောဆိုချက်နဲ့ပက်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။

လူငယ်တွေ ဖမ်းဆီးခံရတာနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောရေးဆိုခွင့်ရှိသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်‌ရေးအသင်း (AAPP) ရဲ့ ဇွန်လ ၁၉ ရက်နေ့ စာရင်းအရ စစ်အာဏာသိမ်းနှစ်နှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်း ပြည်သူ ၂၃,၃၇၇ ဦး ဖမ်းဆီးခံခဲ့ရပြီး ၆,၄၅၆ ဦး ထောင်ဒဏ်ချမှတ်ခံထားရသလို ၃,၆၇၂ ဦး သေဆုံးခဲ့ပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။