မင်းကွန်းမှာ ဖမ်းဆီးခံရတဲ့ ဒေသခံသုံးဆယ်ကျော် ပြန်မလွတ်သေး

RFA Burmese
2024.07.25
မင်းကွန်းမှာ ဖမ်းဆီးခံရတဲ့ ဒေသခံသုံးဆယ်ကျော် ပြန်မလွတ်သေး စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသတွင် မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အချို့ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့တွင် တွေ့ရစဉ်။
Facebook/ Wetlet Informational Network

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသမှာ ဇူလိုင်လ ၂၃ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ အရပ်သားသုံးဆယ်ကျော် နှစ်ရက်ကျော်ကြာတဲ့အထိ ပြန်မလွတ်သေးဘူးလို့ မင်းကွန်းဒေသခံတွေက RFA ကို ပြောပါတယ်။

ကမ္ဘာကျော် မင်းကွန်းခေါင်းလောင်းကြီးရှိတဲ့ မင်းကွန်း(တောင်)ရွာ၊ မင်းကွန်း(မြောက်)ရွာနဲ့ ရှားရောင်းကျေးရွာတွေမှာ နေထိုင်တဲ့ အသက် ၂၀ ကနေ ၅၀ ကျော်အရွယ် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း သုံးဆယ်ကျော် ဖမ်းဆီးခံခဲ့ရတာပါ။

ဖမ်းဆီးခံရသူတွေကို မင်းကွန်းတိုက်နယ် ရဲစခန်းမှာ ချုပ်နှောင်ထားပြီး မိသားစုနဲ့ တွေ့ခွင့်မပေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မင်းကွန်းဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ဖမ်းဆီးထားသူတွေကို မိသားစုနဲ့ တွေ့ခွင့်မပေးဘူး။ ဘယ်တော့လွတ်မလဲဆိုတာလည်း မသိရဘူး။ စစ်ကြောင်းဝင်လာချိန် မထွက်ပြေးနိုင်ဘဲ ကျန်နေတဲ့သူတွေ အဖမ်းခံလိုက်ရတာပေါ့။ သူတို့လူ သေသွားတော့ အငြိုးတကြီး ဖမ်းတဲ့သဘောဖြစ်နေတာပေါ့"

ဇူလိုင်လ ၂၃ ရက်နေ့မှာ မင်းကွန်းတိုက်နယ် ရဲစခန်းက နယ်ထိန်းရဲတစ်ဦးနဲ့ ပျုစောထီးနှစ်ဦး ဈေးဝယ်ထွက်လာချိန် ဒေသကာကွယ်ရေးတပ်ဘက်က ပစ်ခတ်ခဲ့လို့ သေဆုံးသွားတာကြောင့် ရွာတွေကို စစ်ကြောင်းထိုး စီးနင်းခဲ့တာလို့ သူကပြောပါတယ်။

ဒီအပြင် မင်းကွန်း(တောင်)ရွာ၊ မင်းကွန်း(မြောက်)ရွာနဲ့ ရှားရောင်းကျေးရွာတွေက နေအိမ် သုံးဆယ်ကျော်ကိုလည်း စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။