ဖမ်းဆီးခံထားရတဲ့ ရခိုင်အမျိုးသမီးများကွန်ရက်ဥက္ကဋ္ဌ အရေးပေါ်ဆေးကုသမှုခံယူနေရ
2023.09.19
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ စစ်ကောင်စီက ဖမ်းဆီးတရားစွဲထားတဲ့ ရခိုင်အမျိုးသမီးများ ကွန်ရက်ဥက္ကဋ္ဌ ဒေါ်ညိုအေးဟာ စက်တင်ဘာ ၁၈ ရက်နေ့က အရေးပေါ်ဆေးကုသမှု ခံယူခဲ့ရတယ်လို့ မိသားဝင်တွေက RFA ကိုပြောပါတယ်။
စစ်တွေမြို့နယ် တရားရုံးမှာ တတိယအကြိမ်မြောက် ရုံးထုတ်စစ်ဆေးနေချိန် မူးလဲသွားတာကြောင့် စစ်တွေဆေးရုံကြီးကို အရေးပေါ်ပို့ဆောင်ခဲ့ရပါတယ်။
တာဝန်ကျဆရာဝန်က ဆေးရုံမှာ ဆက်လက်ဆေးကုသမှု ခံယူဖို့လိုတယ်လို့ ပြောပေမယ့် စစ်ကောင်စီက ခွင့်မပြုတာကြောင့် ဒေါ်ညိုအေးကို သွေးတိုးကျဆေး ထိုးပေးပြီးနောက် အကျဉ်းထောင်ထဲကို ပြန်လည်ခေါ်ဆောင်သွားတယ်လို့ သမီးဖြစ်သူ ဒေါ်စောမြသန္တာက RFA ကို ပြောပါတယ်။
"တရားရုံးထဲမှာ အမေက မူးလဲသွားတာ။ သွေးက ၂၀၀ အထိ တိုးသွားတယ်။ ဆရာဝန်က ဆေးရုံတက်ရမယ်ပြောတယ်။ ဒါပေမဲ့ သူတို့က ခွင့်မပေးဘူး။ ဆရာဝန် ဆေးထိုးပေးတာနဲ့ သွေးနည်းနည်းကျတာနဲ့ သူတို့တန်းခေါ်သွားတာ။ အမေ ကျန်းမာရေးအခြေအနေက စိုးရိမ်ရတယ်။ သွေးတိုးရောဂါသည်ဆိုတော့ ထောင်ထဲမှာ ဘယ်လိုမှအဆင်မပြေဘူး။ စားတာ၊ သောက်တာ၊ နေတာ၊ ထိုင်တာကအစ အဆင်မပြေဘူးလေ။ ဒါကြောင့် အမေ့ကို ပိုစိုးရိမ်ရတယ်"
အသက် ၆၇ နှစ်အရွယ်ရှိတဲ့ ဒေါ်ညိုအေးဟာ သွေးတိုး၊ ဆီးချိုနဲ့ နှလုံးရောဂါကို ခံစားနေရပြီး အကျဉ်းထောင်မှာ ချုပ်နှောင်ခံထားရတာကြောင့် ကျန်းမာရေးအခြေအနေ ပိုဆိုးလာတာလို့ သမီးဖြစ်သူက ပြောပါတယ်။
ရခိုင်အမျိုးသမီးများကွန်ရက်ဥက္ကဋ္ဌ ဒေါ်ညိုအေးဟာ ဩဂုတ်လ ၁၃ ရက်နေ့က စစ်တွေမြို့မှာပြုလုပ်ခဲ့တဲ့ ၅၆ နှစ်မြောက် စစ်တွေ ဆန်ပြဿနာနေ့ အောက်မေ့ဖွယ် အခမ်းအနားကို တက်ရောက်ခဲ့တာကြောင့် ဖမ်းဆီးခံရတာပါ။
ဩဂုတ်လ ၁၅ ရက်နေ့မှာ သူရဲ့နေအိမ်ထိ ရဲတွေက လာရောက်ဖမ်းဆီးခံပြီး နိုင်ငံတော်ဆူမှုဖြစ်အောင် အားပေးလှုံ့ဆော်မှု ပုဒ်မ - ၅၀၅ (ခ)နဲ့ စစ်တွေအမှတ် (၁) ရဲစခန်းမှူး စိုင်းဝင်းက တရားလိုလုပ်ပြီ တရားစွဲဆိုခဲ့ပါတယ်။
ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (ခ) ဟာ ထောင်ဒဏ်နှစ်နှစ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါတယ်။
၁၉၆၇ ခုနှစ် ဦးနေဝင်းရဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်က ရခိုင်ပြည်နယ်မှာ အကြီးမားဆုံး ဆန်စပါးရှားပါးမှု အငတ်ဘေး ဖြစ်ပေါ်ခဲ့ပါတယ်။
ဆန်ရှားပါးမှု ပြဿနာကိုဖြေရှင်းပေးဖို့ စစ်တွေမြို့မှာ ဆန္ဒပြတောင်းဆိုတဲ့ ရခိုင် လူငယ်တွေကို စစ်တပ်က ရက်ရက်စက်စက် ပစ်ခတ်နှိမ်နင်းခဲ့လို့ လူသုံးရာကျော် သေဆုံးခဲ့တဲ့ ဩဂုတ် ၁၃ ရက်နေ့ကို ဆန်ပြဿနာနေ့အဖြစ် သတ်မှတ်ထားတာပါ။
ဒါကြောင့် ဩဂုတ်လ ၁၃ ရက်နေ့ရောက်တိုင်း ရခိုင်ပြည်နယ်မှာ အောက်မေ့ဖွယ် အခမ်းအနားတွေ ပြုလုပ်ကြတာဖြစ်ပါတယ်။