ငွေကျပ် ကိုးဘီလီယံကျော် မူးယစ်ဆေးဝါးတွေ စစ်ကောင်စီဖမ်းဆီး
2024.12.07
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်မှာ ငွေကျပ် ကိုးဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့ အမျိုးသားနှစ်ဦးကို ဖမ်းဆီးလိုက်တယ်လို့ စစ်ကောင်စီထိန်းချုပ်တဲ့ သတင်းစာတွေက ဒီဇင်ဘာလ ၇ ရက်နေ့ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၂ ရက်နေ့က ပုသိမ်ကြီးမြို့နယ် ၁၀၁ လမ်းနဲ့ မြို့ပတ်လမ်းထောင့်မှာ မောင်းနှင်လာတဲ့ မော်တော်ဆိုင်ကယ်တစ်စီးကို စစ်ကောင်စီရဲ့ မူးယစ်ရဲတပ်ဖွဲ့က ရှာဖွေစစ်ဆေးရာကနေ စိတ်ကြွဆေးပြား ခြောက်သောင်းခန့်ကို စတင်ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် ပုသိမ်ကြီးမြို့နယ်၊ အောင်မင်္ဂလာ ၁ ရပ်ကွက်က နေအိမ်ကို ဆက်လက်ရှာဖွေမှုတွေလုပ်ရာမှာ စိတ်ကြွဆေးပြားပေါင်း သိန်းခြောက်ဆယ်ကျော်ကို ဆက်လက်ဖမ်းဆီးနိုင်ခဲ့တယ်လို့ စစ်ကောင်စီက ပြောပါတယ်။
တစ်ချိန်တည်းမှာပဲ မန္တလေးမြို့ ၃၅ လမ်းနဲ့ ၅၄ လမ်းထောင့်က ဟိုတယ်တစ်ခုကို ဆက်လက်စစ်ဆေးရာမှာ ဘိန်းဖြူ ၄၄၀ ဂရမ် သိမ်းဆည်းရမိတယ်လို့ စစ်ကောင်စီ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မန္တလေးမြို့ခံတစ်ဦးကတော့ မန္တလေးမြို့မှာ စိတ်ကြွဆေးပြားနဲ့ ဘိန်းဖြူရောင်းဝယ်မှုတွေ ဒီနှစ်ထဲ များပြားလာတယ်လို့ RFA ကို ပြောပါတယ်။
"မူးယစ်ဆေးကို ငွေကျပ် သုံးထောင်ဖိုးကအစ ရောင်းပေးတယ်။ ပြည်ကြီးတံခွန်မှာဆို လမ်းကြားတွေတိုင်းမှာ အရောင်းအဝယ်ရှိတယ်။ လမ်းမပေါ်မှာလည်း ပေါ်တင် သုံးနေကြတာ။ နောက်ဆက်တွဲကတော့ ခိုးမှုနဲ့ လုယက်မှုတွေလည်း များလာတယ်။ ပြီးတော့ ဘိန်းဖြူထိုးတဲ့အပ်တွေလည်း ကြုံသလိုတွေပစ်လာတယ်။ ဒါတွေက ကူးစက်ရောဂါတွေအတွက်လည်း စိုးရိမ်ရပါတယ်"
စစ်ကောင်စီက မူးယစ်ဆေးဝါးတွေ ဖမ်းဆီးနေတယ်ဆိုပေမဲ့ မန္တလေးမြို့မှာ မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေ ဆက်ပြီးဖြစ်နေတာကြောင့် အခုထက်ပိုပြီး စစ်ဆေးအရေးယူသင့်တယ်လို့ သူကပြောပါတယ်။