ရှမ်း-ကယားနယ်စပ်တိုက်ပွဲမှာ စစ်ကောင်စီတပ်ခွဲမှူးအပါအဝင် ငါးဦးဖမ်းဆီးခံရ

RFA Burmese
2023.02.20
ရှမ်း-ကယားနယ်စပ်တိုက်ပွဲမှာ စစ်ကောင်စီတပ်ခွဲမှူးအပါအဝင် ငါးဦးဖမ်းဆီးခံရ ကရင်နီတပ်မတော် (KA) နဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ပူးပေါင်းတပ်ဖွဲ့တို့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်ငါးဦးနှင့် လက်နက်ခဲယမ်းများကို တွေ့ရစဉ်။
Karenni Military Information Center

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်မှာ ဖေဖော်ဝါရီလ ၁၉ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ခွဲမှူးတစ်ဦး အပါအဝင် တပ်ဖွဲ့ဝင်ငါးဦးကို ဖမ်းဆီးရမိတယ်လို့ ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ (KMIC) က သတင်းထုတ်ပြန် ပါတယ်။

စစ်ကောင်စီတပ်က ရိက္ခာလာပို့တဲ့စစ်ကြောင်းကို ဟွေ့မာကော်နဲ့ ဟွေခွန်းမောင်း ချောင်းနှစ်ခုအကြားမှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) လက်အောက်ခံ ကရင်နီတပ်မတော် (KA) နဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ပူးပေါင်းတပ် တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

မြန်မာ-ထိုင်းနယ်စပ်ဖြတ်ကျော်ဂိတ် BP.12 ဘက်ကို ရိက္ခာပို့ဖို့လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကိုတိုက်ခိုက်ခဲ့တာလို့ ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူညေးရယ်က RFA ကိုပြောပါတယ်။

"BP.12 ဘက်ကို ရိက္ခာပို့ဖို့စီစဉ်နေတဲ့အချိန်မှာ သူတို့တပ်ဖွဲ့နဲ့တိုးပြီးတော့ တိုက်ပွဲ ဖြစ်တာပေါ့ဗျာ။ သူတို့ဆက်လာရင်တော့ ကျနော်တို့နဲ့ဆက်ဖြစ်ဖို့ပဲ ရှိတယ်။ တိုက်ပွဲတွေတော့ ဒီမှာတော့ရှိဖို့များတယ်"

ဒီတိုက်ပွဲအတွင်း ဖမ်းမိတဲ့စစ်ကောင်စီတပ်က တပ်ခွဲမှူးအပါအဝင် ငါးဦးကို အရေးယူ ဆောင်ရွက်ဖို့အတွက် စီစဉ်နေတယ်လို့ သူက ပြောပါတယ်။

ဒီအပြင် လက်နက်မျိုးစုံ ၁၀ လက်နဲ့ ကျည်ဆံ၊ ခဲယမ်းတွေကိုလည်း ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ ဒီတိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်လို့ တစ်စုံတစ်ရာ သတင်း ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

အာဏာသိမ်းနှစ်နှစ်အတွင်း ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကယားပြည်နယ်အတွင်းမှာ တိုက်ပွဲပေါင်း ၅၆၂ ကြိမ်ဖြစ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၁၉ ဦး သေဆုံးခဲ့သလို စစ်ကောင်စီတပ်ဘက်က ၁၅၈၁ ဦး သေဆုံးခဲ့တယ်လို့ ကရင်နီပြည်သူ့အင်အားစု PKPF ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။