တရုတ်ကြေးနီစီမံကိန်းကိုလာတဲ့ ပြည်သူ့စစ် ၁၄ ဦးကို ဖမ်းဆီးထားကြောင်း PDF ပြော

2023.08.25
တရုတ်ကြေးနီစီမံကိန်းကိုလာတဲ့ ပြည်သူ့စစ် ၁၄ ဦးကို ဖမ်းဆီးထားကြောင်း PDF ပြော ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်နေ့တွင် ဆားလင်းကြီးမြို့နယ်အခြေစိုက် Chindwin Galone Yarzar Guerrilla Defense Force ဖမ်းဆီးလိုက်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ ဦးအား တွေ့ရစဉ်။
Chindwin Galone Yarzar Guerrilla Defense Force

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ တာဝန်ထမ်းဆောင်ဖို့လာတဲ့ စစ်ကောင်စီပြည်သူ့စစ်တပ်ဖွဲ့ဝင် ၁၄ ဦးကို ဩဂုတ်လ ၂၄ ရက်နေ့ မနက်ပိုင်းက ဖမ်းဆီးလိုက်တယ်လို့ ဆားလင်းကြီးမြို့နယ်အခြေစိုက် Chindwin Galone Yarzar Guerrilla Defense Force က ထုတ်ပြန်ပါတယ်။

ကြေးနီစီမံကိန်း ဝမ်ပေါင်ကုမ္ပဏီဝင်းထဲမှာ တာဝန်ထမ်းဖို့အတွက် ဧရာ၀တီတိုင်း၊ သာပေါင်းမြို့နယ်က လာခဲ့တာဖြစ်ပြီး အနောက်တောင်တိုင်း စစ်ဌာနချုပ်ကနေ ပြည်သူ့စစ်သင်တန်းဆင်းပြီးသား ပြည်သူ့စစ်တွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးရမိသူတွေကို ဆားလင်းကြီးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) ထံ လွှဲပြောင်းပေးထားပြီလို့ ဒီဖြစ်စဉ်ကို သိရှိတဲ့ ဆားလင်းကြီးမြို့နယ်ထဲက PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“ဧရာ၀တီတိုင်းကနေပြီးတော့ ပျူသင်တန်းဆင်းပြီးသားတွေပေါ့နော်။ ဝမ်ပေါင် ကုမ္ပဏီကို လာပြီးတော့ အလုပ်လုပ်တာ။ အဲဒီဥစ္စာကို မနေ့က မသင်္ကာလို့စစ်လိုက်တယ်။ စစ်လိုက်တော့ စာရွက်စာတမ်းတွေလည်း တွေ့တယ်။ သင်တန်းဆင်းလက်မှတ်တွေ လည်း တွေ့တယ်ပေါ့။ အခုက သူတို့ မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) ကို လွှဲထားတယ်"

ဝမ်ပေါင်ကုမ္ပဏီဝန်းထဲမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကတော့ စီမံကိန်းကိုအခြေပြုပြီး စီမံကိန်းဘေးပတ်ဝန်းကျင်က ရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ ရွာတွေကို စစ်ကြောင်းထိုးတာ၊ နေအိမ်မီးရှို့တာတွေကိုလည်း မကြာခဏ ပြုလုပ်လေ့ရှိတယ်လို့ သူဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းသယံဇာတဝန်ကြီး ဦးတင်သန်းဝင်းကို RFA က ဒီနေ့ ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။ မြန်မာဝမ်ပေါင်ကုမ္ပဏီရဲ့ ရန်ကုန်မြို့ ရုံးဖုန်းလည်း RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

စစ်ကောင်စီကိုထောက်ခံတဲ့ တယ်လီဂရမ်ချယ်နယ်တွေမှာတော့ ဆားလင်းကြီးအခြေစိုက် PDF တပ်ဖွဲ့တွေက ပြည်သူ ၁၄ ဦးကို ဖမ်းဆီးထားတယ်ဆိုပြီး ဖော်ပြကြပါတယ်။

ဩဂုတ်လ ၂၄ ရက်နေ့ တစ်ရက်တည်းမှာပဲ ကြေးနီစီမံကိန်းကို လုံခြုံရေးယူပေးရတဲ့ ရဲတပ်သားတစ်ဦး လက်နက်တွေနဲ့အတူ PDF တွေထံ ခိုလှုံလာတယ်လို့ ဆားလင်းကြီး အခြေစိုက် သမန်းကျား ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူတွေက RFA ကို ပြောပါတယ်။

စစ်ကောင်စီတပ်ကို လက်ခံထားတာနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့အတွက်လည်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက ဝမ်ပေါင်ကုမ္ပဏီနဲ့ ယန်စီကုမ္ပဏီ၊ စစ်ကောင်စီပိုင် မိုးကြိုး ဆာလဖြူရစ်အက်ဆစ်စက်ရုံတို့ကို ဒေသအခြေပြု သပိတ်စစ်ကြောင်းနဲ့ ဒေသခံတွေက ဩဂုတ်လ ၂၀ ရက်နေ့မှာ ဆန့်ကျင်ဆန္ဒပြခဲ့ကြပါ တယ်။

ဝမ်ပေါင်နဲ့ ယန်စီကုမ္ပဏီတွေအနေနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတာတွေကို ချက်ချင်းရပ်တန့်ဖို့ ဒေသခံသပိတ်အင်အားစု ၁၇ ဖွဲ့ကလည်း ဩဂုတ်လ ၇ ရက်က သဘောထားထုတ်ပြန်ခဲ့ပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးမှာရှိတဲ့ ဝက်မှေးရွာကို ဩဂုတ်လ ၈ ရက်နေ့မှာ ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရုံးခတ်လိုက်ပြီး ရွာဒေသခံတချို့လည်း ဩဂုတ်လ ၁၈ ရက်နေ့ က စပြီး စစ်ကောင်စီတပ်နဲ့ကုမ္ပဏီက ဖိအားပေးတာကြောင့် ရွှေ့ပြောင်း နေရတယ်လို့ ဒေသခံတွေက RFA ကိုပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။