စလင်းနဲ့ မြိုင်မှာ စစ်မှုထမ်းတပ်သားသစ် ခုနစ်ဦး ဖမ်းဆီးခံရ

RFA Burmese
2025.01.14
စလင်းနဲ့ မြိုင်မှာ စစ်မှုထမ်းတပ်သားသစ် ခုနစ်ဦး ဖမ်းဆီးခံရ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - စလင်းမှ ဖမ်းဆီးထားသည့် ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်း တပ်ဖွဲ့ဝင်များကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့က ထုတ်ပြန်ထားစဥ်။
Facebook/ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - စလင်း

မကွေးတိုင်း စလင်းနဲ့ မြိုင်မြို့နယ်မှာ ဒီရက်ပိုင်းအတွင်း စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်း တပ်သားသစ် ခုနစ်ဦး ဖမ်းဆီးခံရမိတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဇန်နဝါရီ ၁၄ ရက်နေ့မှာ ပြောပါတယ်။

မြိုင်မြို့နယ်က လေးဦးနဲ့ စလင်းမြို့နယ်က သုံးဦး ဖမ်းဆီးရမိတာဖြစ်ပြီး အသက် ၂၅ နှစ်ကနေ ၃၀ ဝန်းကျင် လူငယ်တွေလို့ ဆိုပါတယ်။

စလင်းမြို့နယ်မှာတော့ စစ်ကောင်စီရဲ့ ခလရ-၂၅၅ တပ်ရင်းကနေ ထွက်ပြေးလာတဲ့ စစ်မှုထမ်း တပ်သားသစ်တွေကို ဇန်နဝါရီ ၈ ရက်နေ့မှာ ဖမ်းဆီးရမိတာလို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ကိုအောင်ဆန်းက ပြောပါတယ်။

“ကျွန်တော်တို့ စိုးမိုးနယ်မြေမှာ ကင်းပုန်းတွေနဲ့တွေ့ပြီးတော့ ဖမ်းဆီးမိတာဗျ။ သူတို့အကုန်လုံးက အတင်းအဓမ္မ ပေါ်တာဆွဲခံရတာ။ သူတို့ တပ်ထဲမှာ မနေချင်လို့ ဒီအတိုင်း ပြေးလာတာလို့ ပြောတယ်ဗျ။ လက်နက်တွေ မပါခဲ့ဘူး။ ဒေသခံမဟုတ်တော့ နယ်မြေလည်း မကျွမ်းကျင်ဘဲ PDF စိုးမိုးနယ်မြေ ဆိုတာလည်း မသိဘူးပေါ့။ သူတို့အပတ်စဥ်မှာ ထွက်ပြေးသူတွေလည်း ရှိပြီး သူတို့လည်း အခွင့်အရေး ရတာနဲ့ ထွက်ပြေးလာတယ်လို့ ပြောတယ်ဗျ”

သူတို့သုံးဦးဟာ မန္တလေးမြို့မှာ ပေါ်တာဆွဲ ဖမ်းဆီးခံရပြီးနောက် စစ်မှုထမ်းသင်တန်း အမှတ်စဥ် (၆) ကို တက်ရောက်ခဲ့ရသူတွေလို့ ဆိုပါတယ်။

ဇန်နဝါရီ ၁၁ ရက်နေ့ကလည်း ရေစကြိုမြို့အခြေစိုက် ခလရ-၂၅၉ တပ်ကနေ ထွက်ပြေးလာတဲ့ စစ်မှုထမ်း သင်တန်းဆင်း တပ်သားသစ် လေးဦးကို ကာကွယ်ရေးအဖွဲ့တွေက ဖမ်းဆီးခဲ့ပါတယ်။

အဲဒီလေးဦးကတော့ နေပြည်တော်နဲ့ ဧရာဝတီတိုင်းတို့ကနေ စစ်မှုထမ်းဖို့ ဖမ်းဆီးစုဆောင်းခံရသူတွေလို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ်၊ သြဂုတ်လကလည်း တောင်တွင်းကြီးမြို့ အမှတ် (၇) စစ်အခြေခံ လေ့ကျင့်ရေးတပ်ကနေ စစ်မှုထမ်းဖို့ ခေါ်ဆောင်ခံရသူ လူငယ် ၁၁ ဦး ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ ကိုယ်တိုင် ထွက်ပြေးလာသူတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

စစ်ကောင်စီက စစ်မှုထမ်းဥပဒကို အသက်သွင်းပြီးနောက် ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း စစ်မှုထမ်းသင်တန်း အမှတ်စဥ် (၈) အထိ ဖွင့်လှစ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။