မလေးရှားမှာ မြန်မာနိုင်ငံသား ကိုးဆယ်ခန့် ဖမ်းဆီးခံရပြီး တစ်ဦး သေဆုံး

RFA Burmese
2024.10.06
မလေးရှားမှာ မြန်မာနိုင်ငံသား ကိုးဆယ်ခန့် ဖမ်းဆီးခံရပြီး တစ်ဦး သေဆုံး မလေးရှားနိုင်ငံ၊ ရှားအလမ် (Shah alam) မြို့တစ်နေရာတွင် ရဲတပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့က တွေ့ရစဉ်။
Facebook/ Star-MM

မလေးရှားနိုင်ငံ၊ ရှားအလမ် (Shah alam) နဲ့ ဆရင်ဘန်း (Seremban) မြို့တွေမှာ အောက်တိုဘာလ ၅ ရက်နေ့က မလေးရှားအာဏာပိုင်တွေက မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးနေချိန် ထွက်ပြေးတဲ့ မြန်မာအမျိုးသမီးတစ်ဦး ရထားတိုက်ခံရပြီး သေဆုံးသွားတယ်လို့ မလေးရှားရောက်မြန်မာတွေက RFA ကို ပြောပါတယ်။

မလေးရှားအာဏာပိုင်တွေက အောက်တိုဘာလ ၅ ရက်နေ့မှာ နိုင်ငံတွင်း တရားမဝင်နေထိုင်တဲ့ မြန်မာနိုင်ငံသား ၈၆ ဦး အပါအဝင် နိုင်ငံခြားသား ခြောက်ရာကျော်ကို ဖမ်းဆီးခဲ့တာပါ။

မြန်မာနိုင်ငံသားတွေ ဖမ်းဆီးခံရချိန် ထွက်ပြေးတဲ့ အသက် ၃၀ အရွယ် မြန်မာအမျိုးသမီးတစ်ဦးဟာ ရထားတိုက်မိပြီး သေဆုံးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မလေးရှားရောက် မြန်မာတစ်ဦးက RFA ကိုပြောပါတယ်။

"ရှားအလမ် မှာလည်း တော်တော်များများ မနေ့က ဝင်ဖမ်းသွားတယ်။ ပြီးတော့ ဆရင်ဘန်းဘက်မှာလည်း မြန်မာအမျိုးသမီး တစ်ယောက်က ဝင်ဖမ်းတဲ့အချိန်ထွက်ပြေးတာ။ ရထားအကြိတ်ခံပြီး နှစ်ပိုင်းပြတ်သွားတာ။ မလေးရှားအာဏာပိုင်တွေက စီမံချက်လို့တော့ ပြောတယ်။ တော်တော်များများဖမ်းမယ်လို့လည်းသိထားရပါတယ်"

သေဆုံးသွားတဲ့ အမျိုးသမီးက ပဲခူးတိုင်း အင်းတကော်မြို့မှာ နေထိုင်တယ်လို့ မလေးရှားရောက်မြန်မာတွေက ပြောဆိုနေကြပေမဲ့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

အာဏာသိမ်းပြီးနောက် မလေးရှားမှာ မြန်မာနိုင်ငံသားတွေ တရားမဝင် ရွှေ့ပြောင်းလာမှု များပြားနေပြီး မလေးရှား UNHCR ရုံးရဲ့ ၂ဝ၂၄ ခုနှစ်၊ သြဂုတ်လကုန်အထိ စာရင်းတွေအရ မလေးရှားနိုင်ငံကတစ်ဆင့် နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားသူ ၁၉၀,၀၀၀ ကျော် ရှိတဲ့အထဲမှာ ၁၇၀,၀၀၀ ခန့်က မြန်မာနိုင်ငံသားတွေ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။